ပန်ခမ်းအစည်းအဝေးမှာ NCA စာချုပ်ကို အစားထိုးဖို့ပြော

  • 24 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဒီအစည်းအဝေးကို ဝ ပြည် သွေးစည်း ညီညွတ်ရေးပါတီ ဗဟိုက ပန်ခမ်းမြို့မှာရှိတဲ့ ဝပြည်နယ် အစိုးရဌာနချုပ်မှာ ဦးစီး ကျင်းပခဲ့

ပန်ခမ်းမြို့မှာ ဖေဖော်ဝါရီလ ၂၄ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ခေါင်းဆောင်များ တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးမှာ တက်ရောက်လာတဲ့ အဖွဲ့တွေက သမိုင်းဝင် ပင်လုံစာချုပ်ကို တနိုင်ငံလုံး အပစ်ရပ်ရေး NCA စာချုပ်နဲ့ အစားထိုးတာကို လက်မခံကြောင်းနဲ့ NCA စာချုပ်နေရာမှာ တရားမျှတတဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ်နဲ့ အစားထိုးဖို့ လိုကြောင်း သဘောထား ချမှတ်ခဲ့ကြပါတယ်။

ဒီအစည်းအဝေးကို ဝ ပြည် သွေးစည်း ညီညွတ်ရေးပါတီ ဗဟိုက ပန်ခမ်းမြို့မှာရှိတဲ့ ဝပြည်နယ် အစိုးရဌာနချုပ်မှာ ဦးစီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ NCA စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ ကချင် KIO/KIA၊ ရခိုင်တပ်မတော် AA၊ ကိုးကန့်တပ်မတော် MNDAA၊ တအာင်း ပလောင် TNLA၊ ရှမ်းအမျိုးသား ဖွံ့ဖြိုးရေးပါတီ SSPP၊ NDAA မိုင်းလားအဖွဲ့တွေ တက်ရောက်ခဲ့ကြပြီး မွန်ပြည်သစ်ပါတီနဲ့ ကရင်နီအမျိုးသားပါတီတို့ မတက်ရောက်နိုင်ခဲ့ပေမယ့် စာတမ်း တင်သွင်းပြီး ဆွေးနွေးခဲ့ပါတယ်။

အစည်းအဝေးကျင်းပတဲ့အချိန်မှာ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးနဲ့ ပတ်သက်တဲ့ သဘောထားအမြင်နဲ့ ရပ်တည်ချက်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲအတွင်း ဝပြည် သွေးစည်း ညီညွတ်ရေးပါတီက ဖြန့်ဝေတဲ့ စာတမ်းမှာတော့ NCA စာချုပ်မှာ လက်မှတ်ထိုးခဲ့သူတွေကို ဝေဖန်ထားပါတယ်။

NCA စာချုပ်မှာ တိုင်းရင်းသားအဖွဲ့တွေ ပါဝင်မှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီဝင် ဦးခွန်ဥက္ကာကတော့ ဝနဲ့ မိုင်းလား အဖွဲ့တွေအတွက် လက်ရှိရထားတဲ့ အခွင့်အရေးတွေဟာ NCA စာချုပ်မှာ လက်မှတ်ထိုးလိုက်ရင် တဝက်မက ဆုံးရှုံးသွားမှာ ဖြစ်တဲ့အတွက် ပါဝင်ဖို့ ကြန့်ကြာနေတာလို့ ဘီဘီစီကို ပြောဆိုလိုက်ပါတယ်။

NCA မှာ မပါသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ အကျိုးစီးပွားတွေ မတူညီကြပဲ အချိန်ကာလနဲ့ သုံးသပ်ချက် ပြောင်းလဲမှုတွေကြောင့် မွန်၊ ကရင်နီနဲ့ ကချင်လို အဖွဲ့တွေ စာချုပ်မှာ မပါနိုင်တာလို့ ယူဆကြောင်း ဦးခွန်ဥက္ကာက ပြောပါတယ်။

NCA စာချုပ်ရဲ့ ပုဒ်မ ၂၀ မှာ ဖော်ပြထားတဲ့ လမ်းပြမြေပုံအရ ၆ လ တကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ လုပ်ဖို့နဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေ လုပ်ဖို့ စီစဉ်ထားပြီး စာချုပ်မှာ လက်မှတ် မထိုးသူတွေက ဝေဖန်ပြောဆိုနိုင်ပေမယ့် လက်မှတ်ထိုးသူတွေကတော့ စာချုပ်ကို လိုက်နာဖို့လိုမယ်လို့ သူက ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ