ပုဂ္ဂိုလ်ရေး မုန်းတီးမှုကြောင့် ဦးကိုနီကို လုပ်ကြံခဲ့တာလို့ ပြည်ထဲရေးဆို

  • 25 ဖေဖော်ဝါရီ 2017
Image caption ပြည်ထဲရေး ဝန်ကြီးနဲ့ ရဲချုပ်တိုရဲ့ သတင်းစာ ရှင်းလင်းပွဲ

ပြီးခဲ့တဲ့ ဇန္နဝါရီလ ၂၉ရက်နေ့တုန်းက ရန်ကုန် လေဆိပ်မှာ ရှေ့နေ ဦးကိုနီကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့တာဟာ ပုဂ္ဂိုလ်ရေး မုန်းတီး မကြေနပ်မှု၊ မျိုးချစ်စိတ် အစွန်းရောက်မှုတွေကြောင့် ဖြစ်တယ် ဆိုပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးထိန်းသိမ်းထားသူ အဓိက တရားခံ ၃ဦးကို စစ်ဆေးမေးမြန်းနေတဲ့ အခြေအနေတွေကို ပြည်ထဲရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး အခုလို သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။

ရှေ့နေ ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်ဖို့ ဦးဇေယျာဖြိုး၊ ဦးအောင်ဝင်းဇော် နဲ့ ဦးအောင်ဝင်းခိုင်တို့ဟာ တစ်နှစ်နီးပါး အကြာလောက်ကတည်းက ကြိုတင် ကြံစည်နေခဲ့တာ ဖြစ်ကြောင်း၊ ဒီလုပ်ကြံမှုကို ဦးဇေယျာဖြိုးကနေ ငွေပေးစေခိုင်းခဲ့ကြောင်းနဲ့ အဲဒီနောက်မှာ ဦးအောင်ဝင်းဇော်က တဆင့် ဦးအောင်ဝင်းခိုင်က လူသတ်သမားငှားပြီး အကောင်အထည် ဖော်ခဲ့တာ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တို့က ရှင်းလင်းပြောပြသွားခဲ့ပါတယ်။

သူတို့တွေဟာ ၂၀၁၆ ခုနှစ် ဧပြီလဆန်းပိုင်း လောက်ကတည်းက တာမွေမှာ ရှိတဲ့ မော်ဒန်လ္ဘက်ရည်ဆိုင်မှာ မကြာခဏ တွေ့ဆုံပြီး ဦးကိုနီရဲ့ လုပ်ကိုင် ဆောင်ရွက်တာတွေကို လူမှုကွန်ရက်တွေပေါ်ကနေ ကြည့်ပြီး လူငယ်သဘာဝအရ ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုတွေ ရှိခဲ့ရာကနေ နှစ်ဦးတိုင်ပင်ပြီး လုပ်ကြံ သတ်ဖြတ်ဖို့ စေခိုင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ ဦးအောင်ဝင်းဇော်၊ ဦးအောင်ဝင်းခိုင်၊ ဦးဇေယျာဖြိုးတို့နဲ့ အတူတွဲလျက် ဓာတ်ပုံတွေမှာ ပါဝင်ခဲ့သူ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ မိုင်းဖြတ်မြို့နယ် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း အပြင် ဟောင်ကောင်မှာ ရှိတဲ့ သံရုံး ဝန်ထမ်းတွေကိုလည်း ခေါ်ယူ မေးမြန်းခဲ့ကြောင်း နဲ့ သူတို့တွေဟာ အမှုမှာ ပါဝင် ပတ်သက်တာ မရှိကြောင်းလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက ပြောပါတယ်။

အခုဖမ်းမိထားတဲ့ တရားခံတွေထဲက ဦးဇေယျာဖြိုးဟာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး မဘသ ဆရာတော်တွေနဲ့ သွားလာ တွေ့ဆုံတယ်ဆိုတဲ့ ဓာတ်ပုံ အထောက်အထားတွေ ရှိသလို သူကိုယ်တိုင်ဟာလည်း စစ်ထောက်လှမ်းရေးမှာ ဗိုလ်ကြီးဟောင်းအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီကိစ္စမှာ စစ်ထောက်လှမ်းရေးရော မဘသပါ ပါဝင် ပတ်သက်မှု မရှိဘူး ဆိုတဲ့သဘောမျိုး ရဲချုပ် ဇော်ဝင်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ခုချိန်ထိ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်တဲ့ ဦးအောင်ဝင်းခိုင်ဟာ ဒုဗိုလ်မှူးကြီးအဆင့်နဲ့ စစ်တပ်ကနေ အငြိမ်းစားယူခဲ့သူ ဖြစ်ပြီး သူရဲ့ညီ ဦးအောင်ဝင်းဇော်ကလည်း ၁၉၉၆မှာ ဗိုလ်အဆင့်နဲ့ ပြစ်ဒဏ်ခံခဲ့ရပြီး တပ်ကနေ ထုတ်ပယ် ခံထားရသူ ဖြစ်ပါတယ်။

လောလောဆယ်မှာ အမှုနဲ့ ပတ်သက်လို့ စုံစမ်း ဖော်ထုတ်မှုတွေ ဆက်လက် လုပ်နေပြီး အချက်အလက်တွေကိုလည်း ထပ်မံ ထုတ်ပြန်မယ်လို့ သတင်းရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ပုဂ္ဂိုလ်ရေး မုန်းတီး မကြေနပ်မှု၊ မျိုးချစ်စိတ် အစွန်းရောက်မှုတွေကြောင့် ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်ခဲ့တာ ဆိုပြီး သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောသွားတာဟာ နိုင်ငံရေး ပါးဝနေတဲ့ ပြည်သူလူထုကို အထင်သေးရာ ရောက်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင် ဦးဝင်းထိန်က ဝေဖန် ပြောကြားလိုက်ပါတယ်။

ဒီသတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ဖြေဆိုသွားတာကလည်း အားရစရာ မရှိပဲ တကယ့် အဖြစ်မှန် ဖော်ထုတ်ဖို့ ကြိုးစားတယ် ဆိုတာထက် တခြား ရည်ရွယ်ချက် ရှိအုံးမလားလို့ စဉ်းစားမိကြောင်း ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကလည်း သတိနဲ့ စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ဒီအမှုက ဒီမှာတင် ပြီးသွားမှာ မဟုတ်ပဲ နောက်ထပ် ပတ်သက်ရာ ပတ်သက်ကြောင်းတွေ ပေါ်လာလိမ့်ဦးမယ်လို့ ယူဆကြောင်း NLD ဗဟို အလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ