ဥပဒေနဲ့ မညီတဲ့ နိုင်ငံသား မှတ်ပုံတင် ထုတ်ပေးမှု ANP ကန့်ကွက်

  • 25 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် ANP
Image caption စိစစ်ခြင်း မပြုဘဲ အထက် အမိန့် အရ ဆိုပြီး တော့ နိုင်ငံသား ပြုခွင့်ရသူများ အဖြစ် ကတ်ပြားများ ထုတ်ပေး နေ

ရခိုင်ပြည်နယ် မောင်တောနဲ့ ဘူးသီးတောင် ဒေသတွေမှာ နိုင်ငံသား စိစစ်ရေး ကတ်ပြား တွေကို ဥပဒေနဲ့ မညီဘဲ ထုတ်ပေးနေတယ်ဆိုပြီး ရခိုင်အမျိုးသား ပါတီ ANP က ကြေညာချက် တစ်စောင် ထုတ်ပြန်ပြီး ကန့်ကွက်လိုက်ပါတယ်။

ရခိုင်ပြညနယ် အတွင်း နိုင်ငံသား စိစစ်ရေး ကတ်ပြားတွေ ထုတ်ပေးနေတာနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီမှ ၁/၂၀၁၇ နဲ့ ကြေညာချက် တစ်စောင်ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

နိုင်ငံသား မဖြစ်ထိုက်သူတွေ၊ နိုင်ငံသား ပြုခွင့် မရနိုင်တဲ့ ဘင်္ဂါလီတွေကို ဥပဒေ နဲ့ မညီ လုပ်ထုံး လုပ်နည်းတွေနဲ့ မညီဘဲ နိုင်ငံသား ကတ်ပြားတွေ၊ နိုင်ငံသား ပြုခွင့်ရတဲ့ ကတ်ပြားတွေ ထုတ်ပေး နေတာ ကို တွေ့ရကြောင်း ANP ဒုတိယ ဥက္ကဋ္ဌက ပြောပါတယ်။

ရခိုင် ပြည်နယ်ထဲမှာ နိုင်ငံသား လျှောက်ထားမှု ကို စိစစ်တဲ့နေရာမှာ တည်ဆဲ နိုင်ငံသား ဥပဒေ လုပ်ထုံး လုပ်နည်းများနဲ့ အတူ စိစစ်ခြင်း မပြုဘဲ အထက် အမိန့် အရ ဆိုပြီး တော့ နိုင်ငံသား ပြုခွင့်ရသူများ အဖြစ် ကတ်ပြားများ ထုတ်ပေး နေကြောင်း ပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ဘီဘီစီကို ပြောပါတယ်။

ပုဒ်မ ၆၅ ကို ညွှန်းပြီးတော့ ဗဟိုအဖွဲ့ရဲ့ ညွှန်ကြားချက် အရ ဆိုကာ အောက်ခြေ ပြည်နယ်၊ ခရိုင် နဲ့ မြို့နယ် အဖွဲ့တွေက ကတ်ပြားတွေကို ထုတ်ပေး နေတဲ့ သက်သေ အထောက်အထား တွေ ရှိတယ် လို့လည်း ဒေါ်အေးနုစိန် က ပြောပါတယ်။

၁၉၈၂ နိုင်ငံသား ဥပဒေ အရ နိုင်ငံသား ဖြစ်ဖို့ အရည်အချင်းပြည့်မှီတဲ့ သူတွေ ဖြစ်ပြီး မြို့နယ်၊ ခရိုင် နဲ့ ဗဟို ကနေ အဆင့်ဆင့် စိစစ် ပြီးမှ ထုတ်ပေးတာ ဖြစ်ကြောင်း ထုတ်ပေးထားမှု ဟာ ၅၃ ဦး ရှိကြောင်း ကို လူဝင်မှု ကြီးကြပ်ရေး က အမြဲတန်း အတွင်းဝန် ဦးမြင့်ကြိုင် က ပြောပါတယ်။

နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးနေတာနဲ့ ပတ်သက်ပြီး တိုင်ကြားမှုတွေ ရှိနေတဲ့ အတွက် ပြည်နယ် လွှတ်တော်ကနေ ဖွဲ့စည်းပေးထားတဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးနှင့် အထူးကိစ္စရပ်များ ကြားနာစုံစမ်းရေးအဖွဲ့က တာဝန်ရှိသူတွေလည်း မောင်တောကို ရောက်ရှိနေပြီး မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ