ရန်ကုန် သင်္ကြန် သံချပ် စိစစ်မှု ခံယူရန် လိုအပ်

  • 25 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် New Light Of Myanmar
Image caption ဖြစ်ခင်မှာ ကြိုတင် ကာကွယ် တားဆီးလို့ ရအောင် အခုလို မျိုး စိစစ်မှု လုပ်ရတာဖြစ်

ရန်ကုန် သင်္ကြန်သံချပ် တွေကို စိစစ်ဖို့ တိုင်း အစိုးရက ကော်မတီ ဖွဲ့စည်း ခဲ့ပြီး သံချပ် အဖွဲ့တွေ အနေနဲ့ စာသားတွေ အတွေ အတွက် ခွင့်ပြုချက်ယူရမှာ ဖြစ်ပါတယ်။

သံချပ်စာသား တွေမှာ ဒို့တာဝန် အရေးသုံးပါး ကို ထိခိုက် ပြောဆို တာတွေ မပါဖို့၊ လူတစ်ဦး တစ်ယောက်ကို စွပ်စွဲ ပုတ်ခတ် တာတွေ၊ ဘာသာရေး အရ ထိခိုက်နစ်နာ စေတဲ့ စကားလုံး တွေ မပါဖို့ လိုကြောင်း စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ လူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင် က ပြောပါတယ်။

နောက်တခါ လူမျိုး တစ်မျိုးနဲ့ တစ်မျိုး ထိခိုက်စေအောင် ပြောဆိုတာမျိုး၊ ရုန့်ရင်းကြမ်းတမ်း ညစ်ညမ်း တဲ့ စကားလုံးတွေ မပါဖို့ ဆိုတဲ့ အချက်တွေ ကို အခြေခံ ပြီး စိစစ် သွားမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒို့တာဝန် အရေးသုံးပါလို စကားလုံး တွေကို ကာကွုယ် တာကလည်း ဖွဲ့စည်းပုံ ဥပဒေ ရဲ့ အခြေခံ မူတွေကို လိုက်နာ စောင့်ထိန်း တာ ဖြစ်ကြောင်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ် သင်္ကြန် ကာလ မတိုင်ခင် တုန်းကလည်း ဒီလိုမျိုး စိစစ် မှုတွေ လုပ်ဆောင် ခဲ့ဖူးပြီး ဒို့တာဝန် အရေးသုံးပါး ကို ထိခိုက် ပြောဆိုတာတွေ၊ တခြား ဘာသာဝင်တွေကို ထိခိုက် ပြောဆိုမှုတွေကို ကြပ်မတ် ပေးခဲ့ဖူးပါတယ်။

စိစစ်မှု လုပ်ခဲ့ပြီးတဲ့ သံချပ်တွေကို မပြုပြင်ဘဲ အသုံးပြုမယ် ဆိုရင် ဥပဒေ နဲ့ အညီ အရေးယူသွားမှာ ဖြစ်ကြောင်း ဦးဇော်အေးမောင် က ပြောပါတယ်။

ဒီမိုကရေစီ ဆိုတာက စည်းနဲ့ကမ်းနဲ့ လုပ်ဆောင်ရတာမျိုး ဖြစ်တဲ့ အတွက် အခုလို စိစစ်မှု က လွတ်လပ်စွာ ထုတ်ဖော်ခွင့် နဲ့ ဒီမိုကရေစီ ကို ထိခိုက်မှု ရှိနိုင်မှာ မဟုတ်ဘူး လို့လည်း သူက ပြောပါတယ်။

တခြား နိုင်ငံတွေမှာလည်း လူတစ်ယောက်နဲ့ တစ်ယောက် စော်ကား ပုတ်ခတ် တာမျိုးတွေကို အစိုးရ ကိုယ်တိုင်က ခွင့်ပြုထားခြင်း မရှိဘူး ဆိုတာ ကို သူ့ အနေနဲ့ နားလည် ထားတယ်လို့ ဆိုပါတယ်။

ပွဲပြီးမှ ထိခိုက် ပြောဆို ခဲ့တဲ့ သံချပ် တွေကို အရေးယူတာထက် မဖြစ်ခင်မှာ ကြိုတင် ကာကွယ် တားဆီးလို့ ရအောင် အခုလို မျိုး စိစစ်မှု လုပ်ရတာ လို့ သူက ပြောပါတယ်။

တည်ဆဲ အစိုးရ ကို ဝေဖန်တာမျိုး၊ တပ်မတော် ကို ဝေဖန်တာမျိုးတွေ အပြင် ဘယ်အဖွဲ့အစည်းကို မဆို မဟုတ်မမှန် စော်ကား ပြောဆိုမှုတွေကို အရေးယူ သွားမှာ ဖြစ်ပြီး အပြုသဘောနဲ့ ဝေဖန် မှုတွေကို ကိုတော့ လက်ခံသွားမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ