မန္တလေးမှာ လက်ပံတန်း သပိတ်နှစ်ပတ်လည် ဆန္ဒပြ

  • 26 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption အခုလို လမ်းပေါ်ထွက် ဆန္ဒပြရတာဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်အောင် လုပ်တဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကို ကူညီဖို့ ဖြစ်

၂၀၁၅ မှာ မန္တလေးကနေ ရန်ကုန်ကို ချီတက်ဆန္ဒပြတဲ့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို လက်ပံတန်းမှာ ပိတ်ဆို့ ဖမ်းဆီးမှု ၂ နှစ်ပြည့် အထိမ်းအမှတ်နဲ့ အထက်မြန်မာပြည်က ဗကသ ကျောင်းသားတွေဟာ သူတို့ရဲ့ တောင်းဆိုချက်တွေမရသေးတဲ့ အပေါ် မန္တလေးမြို့ပေါ်မှာ တနင်္ဂနွေနေ့က လှည့်လည် ဆန္ဒပြခဲ့ ကြပါတယ်။

ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းတုန်းက တောင်းဆိုခဲ့တဲ့ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ပေးရေး အပါအဝင် ကျောင်းသားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး စတဲ့အချက် ၁၁ ချက် တောင်းဆို ချီတက်ပွဲတွေကို ဗကသ ကျောင်းသား ၁၀ဝ ဝန်းကျင်ဟာ မန္တလေးဈေးချိုကနေ မဟာမုနိဘုရားကြီးထိ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို လမ်းပေါ်ထွက် ဆန္ဒပြရတာဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်အောင် လုပ်တဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကို ကူညီဖို့ ဖြစ်တယ်လို့ မိတ္ထီလာ တက္ကသိုလ် ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တဦးက ဘီဘီစီကို ပြောပါတယ်။

လွတ်လပ်စွာ ကျောင်းသား သမဂ္ဂ ဖွဲ့ခွင့်အပါအဝင် တောင်းဆိုချက်တွေ မရသေးပဲ ရန်ကုန်က တကသ အဆောက်အဦ နေရာမှာ အသစ်ဆောက်တာဟာ သမိုင်းကို ဖျောက်ဖျက်ရာ ရောက်တယ်လို့လည်း ပြည်တက္ကသိုလ် ကျောင်းသား သမဂ္ဂအဖွဲ့ဝင် တယောက်က ဘီဘီစီကို မှတ်ချက်ပေးခဲ့ပါတယ်။

ဒီဆန္ဒပြပွဲကို သက်ဆိုင်ရာ အာဏာပိုင်တွေက ၃ ကြိမ် တားဆီးခဲ့ပြီး မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်ရဲမှူးကတော့ ငြိမ်းချမ်းစွာ စုဝေး စီတန်း လှည့်လည်ခွင့် ဥပဒေကို မလိုက်နာတာကြောင့် ဦးဆောင်သူတွေကို အရေးယူမယ်လို့ သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။