ဦးကိုနီနဲ့ ကိုနေဝင်း တို့ကို လေးစားထိုက်သူ အဖြစ် ဂုဏ်ပြု

  • 26 ဖေဖော်ဝါရီ 2017
Image caption ဦးကိုနီအကြောင်း သူရဲ့သဘောထားအမြင်ကို ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး ထုတ်ဖော် ပြောကြား

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ နဲ့ အငှားယာဉ်မောင်း ဦးနေဝင်း တို့ကွယ်လွန်ခြင်း တစ်လပြည့် အောက်မေ့ဖွယ် အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူတို့ (၂)ဦးရဲ့ ဆောင်ရွက်ခဲ့တာတွေကို လေးစား တန်ဖိုးထားပါတယ် ဆိုပြီးတော့ ပြောကြားခဲ့ပါတယ်။

ဒီအခမ်းအနားကို ရှေ့နေဦကိုနီနဲ့ ဦးနေဝင်းတို့ရဲ့ ဆွေမျိုး မိသားစုဝင်တွေ နဲ့ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ၊ ပါတီဝင်တွေ (၂၀၀) လောက် တက်ရောက်ခဲ့ပါတယ်။

ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ တစ်လပြည့်ချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးကိုနီအကြောင်းသူရဲ့သဘောထားအမြင်ကို ပထမဆုံး ထုတ်ဖော်ပြောကြားတာ ဖြစ်ပါတယ်။

ဦးကိုနီ ကို ရဲဘော်ရဲဘက် တစ်ယောက်အနေနဲ့ရော၊ ပါတီဝင် တစ်ယောက် အနေနဲ့ ရော တခါ ဥပဒေအကြံပေးတစ်ယောက် အနေနဲ့ရော လေးစား တန်ဖိုးတယ် ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဦးကိုနီ ဟာ ဥပဒေ အကြောင်း ကို အထူး စိတ်ပါဝင်စားသူ ဖြစ်ပြီး အခြေခံ ဥပဒေ အပေါ်မှာ အလုံးစုံ စိတ်မြှုပ်ထားပြီး လုပ်ဆောင် လေ့ ရှိသူ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ကျောရိုးဟာ အခြေခံ ဥပဒေ ဖြစ်ပြီး ဒီကျောရိုး ဖြောင့်မှ နိုင်ငံ ရဲ့ ရှေ့ရေး ဖြောင့်မယ် ဆိုတာ ကို ဦးကိုနီ က သိရှိထား သူ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ခုလို ချီးမွမ်းခန်း ဖွင့်ပါတယ်။

တခါ ဦးကိုနီကို သေနတ်နဲ့ ပစ်ခဲ့သူကို ဖမ်းဆီးပေးရင်း သေဆုံးခဲ့တဲ့ တက္ကစီသမား ဦးနေဝင်းရဲ့ တာဝန်သိ လုပ်ဆောင်ပေးခဲ့တာကို လေးစားတန်ဖိုးထားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်က ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ရာမှာတော့ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ရာမှာ အဓိကကျူးလွန်တဲ့ တရားခံအချို့ကို ဖမ်းမိ ထားပေမယ့် ရှာဖွေနေရဆဲ တရားခံလည်း ရှိသေးတယ်လို့ ပြောခဲ့ပါတယ်။

ပြည်ထဲရေး က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲ ဟာ ဥပဒေ စိုးမိုးမှု မရှိတဲ့ ပုံစံ မျိုး ဖြစ်နေတယ်လို့ ဦးကိုနီရဲ့ ဆွေမျိုးမိသားစုဝင် တစ်ဦး က ထောက်ပြ ပါတယ်။

ဒါ့အပြင် ကွင်းဆက် တွေကို ဆက်လက် စုံစမ်း ရဦးမယ် ဆိုတာ ကြောင့် စောင့်ကြည့်မှုတွေ လုပ်သွားမယ်လို့လည်း ဦးဆွေကို က ပြောပါတယ်။

ပြည်ထဲရေး အနေနဲ့ အမှုကို အကောင်းဆုံး လိုက်မယ် ဆိုတာကိုးလည်း ယုံကြည် ပေမယ့် မျိုးချစ် စိတ်နဲ့ လူတစ်ယောက်ကို သတ်ဖြတ်တယ် ဆိုတာက ဥပဒေမဲ့ လုပ်ရပ် မျိုး ဖြစ်သွားတယ်လို့ ဆွေမျိုး မိသားစုဝင် တစ်ဦး ဖြစ်တဲ့ ဦးဆွေကို က ပြောပါတယ်။

ဦးကိုနီ တလပြည့် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ဦးကိုနီ လုပ်ကြံ သတ်ဖြတ် ခံရမှုနဲ့ ပတ်သက်လို့ရော အမှုကိစ္စ စစ်ဆေးနေတဲ့ အခြေအနေ ကိုရော တစုံတရာ မှတ်ချက်ပေးပြောသွားတာ မရှိပါဘူး။

ဦးကိုနီရဲ့ သမီးဖြစ်တဲ့ ဒေါက်တာယဉ်နွယ်ခိုင်ကတော့ ဖခင်လုပ်ကြံ သတ်ဖြတ် ခံရတဲ့ အပေါ် စုံစမ်း စစ်ဆေးဆဲ ဖြစ်လို့ ဒီအပေါ်ကျေနပ်မှု ရှိမရှိ မပြော နိုင်သေးဘူးလို့ ပြောပါ တယ်။

ပြည်ထဲရေးရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဦးကိုနီ လုပ်ကြံခံရတာဟာ လူငယ် သဘာ၀ ပုဂ္ဂိုလ်ရေး မကျေနပ်ချက် နဲ့ အစွန်းရောက်တဲ့ မျိုးချစ်စိတ်ကြောင့် လို့ ပြောပါတယ်။

ဒါပေမယ့် အမှုမှာ စစ်တပ် အရာရှိဟောင်းတွေ ပါဝင်ပတ်သက်နေတာ ကြံခိုင်ရေး ပါတီအမတ်နဲ့ ရင်းနှီးမှုတွေ ရှိနေတာအပြင် လွတ်မြောက်နေဆဲ အဓိက တရားခံကို ဖမ်းမမိသေးတဲ့ အပေါ် ဝေဖန် ပြောဆိုမှုတွေ ရှိနေပါတယ်။