ရခိုင်က နယ်ခြားစောင့် ရဲတွေကို ပြစ်ဒဏ်တွေ ချမှတ်

  • 27 ဖေဖော်ဝါရီ 2017
Image caption ဖေ့စ်ဘွတ်ခ်ပေါ် ရောက်လာတဲ့ ရဲတွေ ရိုက်နှက် ကန်ကျောက်နေပုံ ဗီဒီယို တစ်ခု

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်မှာ တာဝန် ပေါ့လျော့မှု၊ လူ့အခွင့် အရေး ချိုးဖောက်မှု ဖြစ်စဉ်တွေကြောင့် ရဲမှူးချုပ်၊ ရဲမှူးကြီးတွေ အပါအဝင် ၁၁ ယောက်ကို အရေးယူလိုက် ပါတယ်။

အရေးယူ ခံရသူတွေထဲမှာ ရသ့တောင် မြို့နယ် ကိုးတန်ကောက် စခန်းက ရှစ် ယောက်နဲ့ မောင်တော မြို့နယ် ကျီးကန်းပြင် ဌာနချုပ်တို့ တိုက်ခိုက် ခံရမှုနဲ့ ပတ်သက်ပြီး တာဝန် ပေါ့လျော့မှုနဲ့ အရေးယူခံရသူ သုံးယောက် ပါဝင် ပါတယ်။

ကိုးတန်ကောက်စခန်းက ရဲမှူး ရဲထွန်းနိုင်၊ ဒုရဲအုပ် တေဇာလင်းနဲ့ ဒုရဲအုပ် ထွန်းလင်းနိုင်တို့ကို ရာထူး အဆင့်တွေ လျှော့ချ အရေးယူပြီး ရဲတပ်သား ပြည့်ဖြိုးသွယ်၊ ရဲတပ်သား နန္ဒလင်းဦ ရဲတပ်သား မောင်အေးမြ၊ ရဲတပ်သားမိုးနိုင်နဲ့ ရဲတပ်သား ဇော်မျိုးထိုက် တို့ကို ရဲအချုပ်မှာ ထောင်ဒဏ် နှစ်လစီ ကျခံစေဖို့ အပြစ်ပေးလိုက်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ရခိုင်ပြည်နယ် ဆိုင်ရာ သတင်း ထုတ်ပြန်ရေး ကော်မတီ အဖွဲ့ဝင် ရဲမှူးကြီး နေသူစိုးက ဘီဘီစီကို ပြောပါတယ်။

ဖမ်းဆီး ထားသူတွေကို ရိုက်နှက် ကန်ကျောက်နေတဲ့ ဗီဒီယို ဖိုင်တစ်ခုကို ရဲတပ်သား ဇော်မျိုးထိုက်က လူမှု ကွန်ရက်မှာ တင်ခဲ့ပြီးနောက် သူတို့ရှစ်ယောက် ဖမ်းဆီး အရေးယူ ခံခဲ့ ကြရတာ ဖြစ်ပါတယ်။

မောင်တော မြို့နယ် ကျီးကန်းပြင် နယ်ခြားစောင့်ဌာနချုပ်က ရဲမှူးချုပ်၊ ရဲမှူးကြီးနဲ့ ဒုတိယ ရဲမှူးကြီး တစ်ယောက် တို့လည်း တာဝန် ပေါ့လျော့မှုနဲ့ ထောင်ဒဏ်တွေ ချမှတ် ခံခဲ့ရပါတယ်။

အဲဒီ ရဲအရာရှိတွေက ရဲမှူးချုပ် မောင်မောင်ခိုင်၊ ရဲမှူးကြီး ဇေယျဟန်နဲ့ ဒုရဲမှူးကြီး ကျော်တေဇတို့ ဖြစ်ပြီး ထောင်ဒဏ် နှစ်နှစ်၊ တစ်နှစ်နဲ့ သုံးနှစ်စီ အသီးသီး ပြစ်ဒဏ်ချခဲခဲ့ရတယ်လို့ ရဲမှူးကြီး နေသူစိုးကပြောပါတယ်။

အခု လောလောဆယ် အချိန်အထိ အရေးယူထားပြီးသူ ၁၁ ယောက် ရှိနေပြီဖြစ်ပြီး နောက်ထပ် အရေးယူစရာ မကျန်တော့ဘူးလို့ သိရပါတယ်။

ရဲတွေရဲ့ ပြုမူ ဆောင်ရွက်ပုံတွေဟာ လူ့အခွင့်အရေး လေးစားလိုက်နာမှု အားနည်းတယ်လို့ ဝေဖန်မှုတွေ ရှိနေတာနဲ့ ပတ်သက်လို့ ဘီဘီစီက မေးရာမှာတော့ ရဲတပ်ဖွဲ့ အနေနဲ့ အီးယူ ရဲ့ စံနှုန်းတွေနဲ့ အညီ ပြည်သူတွေနဲ့ ထိတွေ့ ဆက်ဆံမှုတွေမှာ ပုံမှန် သင်တန်းတွေ ပေးနေတယ်လို့ ရဲမှူးကြီး နေသူစိုးကပြောပါတယ်။

ပြုပြင် ပြောင်းလဲမှုတွေကိုလည်း ပိုမို လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။