ရန်ကုန်လေဆိပ်မှာ အကြမ်းဖက်ဆန့်ကျင်ပွဲလုပ်

  • 27 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ဦးကိုနီ လုပ်ကြံခံရမှုတလပြည့်ကျင်းပ

NLD ဗဟို ဥပဒေ အထောက် အကူပြု အဖွဲ့ဝင် ရှေ့နေ ဦးကိုနီနဲ့ အငှားကား မောင်းသမား ဦးနေဝင်း သတ်ဖြတ်ခံ ရတာ တလပြည့် တဲ့နေ့မှာ အကြမ်းဖက်မှု ဆန့်ကျင်ရေးနဲ့ ဂုဏ်ပြုပွဲကို ဖေဖော်ဝါရီလ ၂၇ ရက် နေ့ ညနေက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဦးကိုနီကို သေနတ်နဲ့ နောက်ကနေ ပစ်ခတ် လုပ်ကြံခဲ့မှုဟာ သူရဲဘော ကြောင်တဲ့ အကြမ်းဖက် လုပ်ရပ်ဖြစ်ကြောင်း၊ ဒီလို အကြမ်းဖက်မှုကြောင့် ပြည်သူတွေ ကြောက်ရွံ့ သွားကြမှာ မဟုတ်ဘူးလို့ အဲဒီ အခမ်း အနားမှာ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့ အစည်းက ကိုဂျင်မီက ပြောပါတယ်။

အခုလုပ်ကြံမှုကို အကြမ်းဖက်မှုပုဒ်မနဲ့ တရားမစွဲပဲ လူသတ်မှုနဲ့ စွဲတဲ့အတွက် ဝေဖန်နေတဲ့အပေါ် ကိုဂျင်မီက ဒီကိစ္စဟာ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်တယ်ဆိုတာ လူတိုင်းသိကြောင်း၊ အခုလုပ်ကြံသတ်ဖြတ်မှုဟာ နိုင်ငံရေးအရ လုပ်ကြံတာဖြစ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသလို ပုဂ္ဂိုလ်ရေးမုန်းတီးမှုလို့ မယူဆနိုင်ကြောင်းလည်း ဘီဘီစီကိုပြောသွားပါတယ်။

ကဗျာဆရာတွေ၊ ၈၈မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ တက္ကသိုလ် ကျောင်းသားတွေနဲ့ တက်ကြွ လှုပ်ရှားသူတွေ ဦးဆောင် ပြုလုပ်တဲ့ အဲဒီ အခမ်းအနားမှာ လူပေါင်း တထောင်ကျော် နဲ့ အတူ အန်အယ်လ်ဒီ သဘာပတိ အဖွဲ့ဝင် ဦးတင်ဦး၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းတို့ တက်ရောက်မိန့်ခွန်းပြောခဲ့ကြပါတယ် ။

အဲဒီအခမ်အနားမှာ ဗုဒ္ဓဘာသာ ဟိန္ဒူ ခရစ်ယာန် နဲ့ အစ္စလာမ် ဘာသာရေးခေါင်းတွေလည်း ဘာသာပေါင်းစုံ ဆုတောင်းပွဲပြုလုပ်ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ