UNFC က NCA ဖြစ်စဉ်အတိုင်း ဆက်သွားမယ်

  • 27 ဖေဖော်ဝါရီ 2017
Image caption မတ်လ ၁ ရက်နေ့မှာ UNFC နဲ့ ဒေါ်စု တွေ့ဖို့ရှိ

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များရဲ့ ပန်ဆန်း အစည်းအဝေးမှာ တက်ရောက်လာတဲ့ အဖွဲ့တွေက NCA တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ်နေရာမှာ တရားမျှတတဲ့ အပစ်ရပ် စာချုပ်နဲ့ အစားထိုးဖို့ လိုတယ်လို့ သဘောထား ချမှတ်ခဲ့ကြပါတယ်။

အဲဒီ အစည်းအဝေး တက်ရောက်သူတွေထဲမှာ UNFC အဖွဲ့ဝင်တွေ ဖြစ်တဲ့ KIO ကချင် လွတ်လပ်ရေး အဖွဲ့၊ SSPP/SSA ရှမ်းပြည်တိုးတက်ရေး ပါတီ တို့လည်း တက်ရောက်ခဲ့ကြတာမို့ ဒီသဘောထားနဲ့ ပတ်သက်လို့ အဖွဲ့အစည်း တစ်ခု ချင်းစီရဲ့ သုံးသပ်မှု ဖြစ်ပြီး အဲဒီ အပေါ်မှာ ဝင်ပါဖို့ အကြောင်းမရှိဘူးလို့ UNFC အထွေထွေ အတွင်းရေးမှူး ဦးခူးဦးရယ် က ပြောပါတယ်။

UNFC အနေနဲ့ NCA အပစ်ခတ် ရပ်စဲရေး သဘောတူ စာချုပ် လမ်းကြောင်း အတိုင်း ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်နေတာ ကို အားလုံး သိပြီး ဖြစ်တဲ့ အတိုင်းပဲ လောလော ဆယ် အခြေအနေ အထိ တစုံတရာ ပြောင်းလဲ တာမျိုး မရှိသေးဘူးလို့ သူက ဆိုပါတယ်။

လောလောဆယ်မှာ အဖွဲ့အားလုံး က အဲဒီလိုမျိုး ပြောင်းလဲဖို့ အတွက် ဆုံးဖြတ်ချက် တစုံတရာ မချမှတ် ထားတာကြောင့် NCA ဖြစ်စဉ် အတိုင်းပဲ ဆက်သွားမယ်လို့ ဦးခူးဦးရယ် က ပြောပါတယ်။

ပန်ဆန်း အစည်းအဝေးကို တက်ရောက် ခဲ့တဲ့ KIO အနေနဲ့ကလည်း NCA စာချုပ် သစ် ကို လိုက်ပါမယ် ဆိုတဲ့ သဘောထား ကို UNFC ကို ပေးထားတာ မရှိတဲ့ အပြင်၊ အခုချိန်ထိ ဆုံးဖြတ်ချ ချမှတ် ထားတာမျိုးလည်း မရှိသေးဘူးလို့ သိရပါတယ်။

KIO အနေနဲ့ UNFC ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ ရဲ့ အဖွဲ့ဝင် အဖြစ် ရှိနေတုန်းပဲ ဖြစ်သလို UNFC က ချမှတ်ထားတဲ့ မူ အတိုင်းပဲ ဆက်လုပ် ဦးမယ်လို့ ယုံကြည်ကြောင်း ဦးခူးဦးရယ် က ပြောပါတယ်။

KIO အနေနဲ့ ပန်ဆန်း အစည်းအဝေး လုပ်မယ့် အကြောင်း ကို ချပြ ဆွေးနွေးတာမျိုး ရှိပေမယ့် အသေးစိတ် တွေကိုတော့ ပြောဆို ဆွေးနွေးတာ မရှိတဲ့ အတွက် UNFC ဘက်က ရှင်းရှင်းလင်းလင်း မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။

UWSA အနေနဲ့ ပန်ဆန်း အစည်းအဝေး ကို UNFC အဖွဲ့ ကို မဖိတ်ခဲ့ပါဘူး။ UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ အချို့ကိုတော့ တစ်သီး ပုဂ္ဂလ အနေနဲ့ ဖိတ်ကြား ခဲ့တာလည်း ဖြစ်ပါတယ်။

အပစ်မရပ် သေးတဲ့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့တွေ ကြားထဲမှာ NCA စာချုပ်ကို အစားထိုးမယ်ဆိုတဲ့ အပေါ်မှာ အမြင်မတူ မှုတွေ ရှိနေပြီး ဒါကိုလည်း ဆွေးနွေး ညှိနှိုင်း ရမယ်လို့ သူက ပြောပါတယ်။

လာမယ့် မတ်လ ၁ ရက်နေ့မှာ UNFC နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ကြမှာ ဖြစ်ပါတယ်။ အဲဒီမှာ UNFC ရဲ့ အခြေခံမူ ၈ ချက်ကို အဓိက ထား ဆွေးနွေးသွားဖို့ ပြင်ဆင် ထားတယ်လို့ ဦးခူးဦးရယ် က ပြောပါတယ်။