တကသ အဆောက်အဦ တည်ဆောက်ရေး ကော်မတီ မဖွဲ့ဖြစ်သေး

  • 28 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Khin Maung Win ( Shwe Inn Thar)
Image caption တကသ နေရာဟောင်းမှာ အဆောက်အဦသစ် မဆောက်ဖို့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဆန္ဒပြခဲ့ကြ

၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ မနက်က ဖောက်ခွဲ ဖျက်ဆီး ခံခဲ့ရတဲ့ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ တကသ အဆောက် အဦကြီး ပြန်လည် တည်ဆောက်ရေး ကော်မတီ ဖွဲ့စည်း နိုင်ရေး အတွက် အကြိုညှိနှိုင်း ဆွေးနွေးမှုကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ရာမှာ ကော်မတီ ဖွဲ့စည်း ရေး ဆက်လက် မလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ကျောင်းသား သမဂ္ဂ အဆောက်အဦ ပြန်လည် တည်ဆောက်ရေး ကော်မတီ ကို ကျောင်းသား သမဂ္ဂတွေ တရားဝင် ဖွဲ့စည်းခွင့်ရမှသာ ဖွဲ့သင့်တယ်လို့ ဆိုသူတွေနဲ့ ဘာပဲဖြစ်ဖြစ် သမဂ္ဂ အဆောက်အဦ ပြန်ဆောက်ဖို့ လိုလားသူတွေ ဆိုပြီး သဘောထား နှစ်မျိုး ဖြစ်နေကြပါတယ်။

ဒါကြောင့် ကျောင်းသား သမဂ္ဂများ တရားဝင် ရှင်သန်ရေးနဲ့ ကျောင်းသား သမဂ္ဂ အဆောက် အဦ ပြန်လည် တည်ဆောက်ရေး နှစ်မျိုးစလုံး ပါဝင်တဲ့ ကော်မတီ ကို ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆွေးနွေးပွဲ တက်ရောက်သူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်းက ဦးကိုကိုကြီးက ပြောပါတယ်။

ကျောင်းသား သမဂ္ဂတွေ မတည်ရှိဘဲ အဆောက်အဦ သက်သက်သာ ရှိနေမယ် ဆိုရင် သမိုင်းကြောင်း အရရော နိုင်ငံရေး အရပါအနှစ်သာရ ရှိမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

ရန်ကုန်တိုင်း အစိုးရက ဦးဆောင်ပြီး ရန်ကုန် တက္ကသိုလ်ဝင်းထဲက ကျောင်းသား သမဂ္ဂ အဆောက် အဦ နေရာမှာ အဆောက် အဦးသစ် တစ်ခု အုတ်မြစ်ချ ဆောက်လုပ်ဖို့ ပြင်ဆင် ခဲ့ပေမဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ရှိခဲ့တဲ့ အတွက် ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရပ်ဆိုင်းခဲ့ပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကတော့ အစိုးရ အနေနဲ့က ကော်မတီထဲမှာ ပါမှာ မဟုတ်ဘဲ ရုံးပိုင်းဆိုင်ရာ ပံ့ပိုး ကူညီသွားမယ်လို့ ပြောပြီး မျိုးဆက် အသီးသီး ပါဝင်ဖွဲ့စည်းကြဖို့ တိုက်တွန်း ခဲ့တယ်လို့ ဦးကိုကိုကြီးက ပြောပါတယ်။

ဆောက်လုပ်မယ့် နေရာကိုလည်း ကော်မတီ ဖွဲ့စည်းပြီးမှသာ ဆွေးနွေး တိုင်ပင် ဆုံးဖြတ်ကြမယ်လို့ သူက ပြောပါတယ်။

၂၈ ရက်နေ့က လုပ်ခဲ့တဲ့ အစည်း အဝေးမှာ ရန်ကုန်တိုင်း အစိုးရ ဝန်ကြီးချုပ်၊ အန်လ်ဒီ ပါတီဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားဟောင်းတွေနဲ့ ခေတ်အဆက်ဆက် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်တွေ တက်ရောက် ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ