ရခိုင်ကိစ္စ ကျူးလွန်မှုတွေ အထောက်အထားတွေ့ရင် အရေးယူမယ်

  • 28 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် HEIN HTET
Image caption ကျူးလွန်မှုတွေမှာ အထောက်အထားရှိရင် အရေးယူမယ်

ရခိုင်ပြည်နယ်မောင်တောဒေသမှာ နယ်ခြားစောင့် စခန်းတွေအကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီးနောက် တပ်မတော်က နယ်မြေ ရှင်းလင်းရေးတွေ လုပ်ဆောင်စဉ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးနေကြောင်းနဲ့ ချိုးဖောက်မှုတွေ ရှိတာ တွေ့ရင် ပြင်းပြင်းထန်ထန် အရေး ယူမယ်လို့ ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောပါတယ်။

တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်တဲ့ စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပေးထားပြီး အဲဒီအဖွဲ့ဟာ မောင်တောဒေသကို သွားရောက် စုံစမ်းမေးမြန်းတာတွေ လုပ်ခဲ့ပေမယ့် အမျိုးသမီးတွေကို အဓမ္မကျင့်ခဲ့တယ်၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး လူတွေကို ရွာတွေထဲက မောင်းထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် အခုအထိတော့ အရေးယူရလောက်တဲ့ အထောက်အထား မတွေ့ခဲ့ရသေးဘူးလို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တပ်မတော်ဖက်က ပထမဆုံး အကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး လူသိရှင်ကြား တုံ့ပြန် ပြောဆိုတာဖြစ်ပါတယ်။

မောင်တောဒေသက နယ်ခြားစောင့်ရဲစခန်းတွေ တိုက်ခိုက်ခံခဲ့ရအပြီး တပ်မတော်က ဒေသတွင်း ရှင်းလင်းစစ်ဆင်ရေးတွေကို ဒီလဆန်းက ရပ်ဆိုင်းခဲ့ပြီ ဖြစ်ပေမယ့် နောက်ထပ် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ဆက်ရ နေသေး တာကြောင့် တပ်ဖွဲ့တွေကို ရခိုင်မြောက်ပိုင်းမှာ ဆက်ချထားဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၃ လက မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင် တွေနဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ အတွင်း အစိုးရအရာရှိ၊ တပ်မတော်နဲ့ရဲ တပ်ဖွဲ့ဝင်တွေ အပါအဝင် လူ ၁၆၀ ကျော် သေဆုံးကြောင်း လည်း တပ်မတော် ဘက်က ဒီကနေ့ ထုတ်ပြန် ပြောဆိုပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအထဲက TNLA, MNDAA, AA အဖွဲ့တွေဟာ ဒီဖက်နောက်ပိုင်းမှ ပေါ်လာတာဖြစ်ပြီး နိုင်ငံရေးခံယူချက်နဲ့ ပေါ်လာတဲ့အဖွဲ့တွေလို့ မယူဆတဲ့အတွက် အဲဒီအဖွဲ့တွေကို သီးခြားသဘောထား စဉ်းစားပြီး ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးဖို့ မလိုအပ်ဘူးလို့ တပ်မတော်ရဲ့ ရပ်တည်ချက်ကိုလည်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ