ငြိမ်းချမ်းရေး အတွက် ကိုယ့်အစွမ်းအစ ရှိသမျှ ပါ၀င်ဖို့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြော

  • 1 မတ် 2017
ဓာတ်ပုံ မူပိုင် MOI
Image caption ငြိမ်းချမ်းရေး တွဲလက်များ အဖွဲ့ကို အတိုင်ပင်ခံ ပုဂ္ဂိုလ် တွေ့ဆုံ

ငြိမ်းချမ်းရေး တွဲလက်များ Wheel Chair ရထား အဖွဲ့ဟာ ဖေဖော်ဝါရီ လလယ် ကစလို့ မြစ်ကြီးနား မြို့ကနေ နေပြည်တော်ထိ ၅၇၇ မိုင် ခရီးကို ၁၃ ရက်ကြာ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆယ်ဂဏန်းနဲ့ချီ လိုက်ပါလာတဲ့ Wheel Chair ဘီးတပ် ကုလားထိုင်နဲ့ မသန်စွမ်းသူတွေဟာ သူတို့အနေနဲ့ ငြိမ်းချမ်းရေး အတွက် ကိုယ်ထိလက်ရောက် ပါဝင်နိုင်ခြင်း မရှိပေမယ့် သူတို့မှာ ငြိမ်းချမ်းရေး လိုချင်တယ် ဆိုတဲ့ ဆန္ဒကို ထုတ်ပြောရအောင် လူထုကို လှုံဆောင် ပြသတဲ့ အနေနဲ့ အခုလို လုပ်ဆောင်တာလို့ ငြိမ်းချမ်းရေး တွဲလက်များ အဖွဲ့ ခေါင်းဆောင်လည်း ဖြစ် ၊ မြန်မာနိုင်ငံ ခဝဲခြံ မျက်မမြင်ကျောင်း ကော်မတီ ဥက္ကဌလည်း ဖြစ်တဲ့ ဦးသိန်းလွင် က ပြောပါတယ်။

အခုလို မြစ်ကြီးနားကနေ နေပြည်တော်ကို ချီတက်လာတဲ့ ငြိမ်းချမ်းရေး တွဲလက်များ အဖွဲ့ဟာ အစကန ဦးတုန်းက ဖေဖော်ဝါရီ ၂၈ ရက်မှာ ကျင်းပဖို့ သတ်မှတ်ထားတဲ့ ဒုတိယ အကြိမ် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံနဲ့ ချိန်ကိုက်လာခဲ့ကြတာ ဖြစ်ပါတယ်။

နေပြည်တော် အရောက်မှာ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ဂုဏ်ပြုလွှာပေးအပ်ခဲ့ပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ငြိမ်းချမ်းရေး တွဲလက်များ Wheel Chair ရထားအဖွဲ့ နဲ့ တွေ့ဆုံခဲ့ပါတယ်။

ငြိမ်းချမ်းရေး ရဖို့အတွက် ပြည်သူတွေ အားလုံး ပါ၀င်ဖို့ လိုပြီး အခုအချိန်မှာ ငြိမ်းချမ်းရေး မရတာဟာ စိတ်မသန်စွမ်းသူတွေကြောင့် ဖြစ်တယ် ၊ အခုတော့ ကိုယ်အင်္ဂါ မသန်သူတွေရဲ့ ငြိမ်းချမ်းရေး အတွက် လုပ်ဆောင် ပြသမှု အတွက် ကျေးဇူးတင်ကြောင်းနဲ့ ငြိမ်းချမ်းရေး ပန်းတိုင်ကိုရောက်ဖို့ တက်နိုင်သမျှ ဆက်လက် အကူအညီ ပေးပါလို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ကြောင်း ဦးသိန်းလွင် က ပြောပါတယ်။

သူတို့ ဖြတ်သန်းရာ လမ်းခရီး တလျှောက်မှာ လမ်းပြင်နေတာတွေ ရှိတဲ့ အတွက် ဘီးတပ် ကုလားထိုင်နဲ့ သွားလာရတဲ့ မသန်စွမ်းတွေ အတွက် အခက်အခဲတွေ ကြုံခဲ့ရပြီး မြစ်ကြီးနား အထွက်မှာ တောင်ကုန်းတွေ ဖြတ်ခဲ့ရသလို စစ်တပ် ဧရိယာမှာ ဖြတ်သန်းခွင့် မပေးလို့ ညှိနှိုင်း ဖြေရှင်းခဲ့ရတာတွေလည်း ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် သူတို့တွေ တည်းခို နေထိုင်နိုင်တဲ့ ဓမ္မာရုံ ဆိုတာလည်း ဘီးတပ် ကုလားထိုင် လမ်းကြောင်းတွေ မရှိဘဲ လမ်းတလျှောက် အိမ်သာဆိုရင် လှေကားထစ်တွေနဲ့မို့ မသန်စွမ်း သမားတွေမှာ လက်နဲထောက်ကာ အိမ်သာ အသုံးပြုနေရပါတယ်။

လက်ရှိမှာ မသန်စွမ်း သမားတွေဟာ ပညာရေးမှာ ခွဲခြား ဆက်ဆံခံနေရမှု ရှိသလို ပညာရေး ကောလိပ်မှာ ၀င်ခွင့် အဟန့်အတားတွေ ရှိတာကြောင့် ဒါဟာ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း နှစ်ခုလုံး လမ်းပိတ်သွားသလို ဖြစ်ခဲ့ပါတယ်။

ဒါတွေနဲ့ ပတ်သက်လို့ ဥပဒေတွေ ပြဌာန်း ပြီးသား ဖြစ်ပေမယ့် တကယ်တန်းမှာ ဒီဥပဒေ အသက်၀င်ဖို့ လိုနေပြီလို့ ဦးသိန်းလွင် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ