ပုဂ္ဂိုလ်ရေး ဆိုင်ရာ ကာကွယ်ပေးရေး ဥပဒေ အတည်ပြု

  • 1 မတ် 2017
Image caption လွှတ်တော် ၂ ရပ်ကြား အပြန်အလှန် ဆွေးနွေး ခဲ့ပြီးမှ အတည်ပြု နိုင်ခဲ့တာလည်း ဖြစ်

အာဏာပိုင်တွေက ဖြစ်စေ၊ တခြား တစ်ဦးဦး တစ်ဖွဲ့ဖွဲ့က ဖြစ်စေ ကိုယ့်ရဲ့ နောက်ယောင်ခံလိုက်တာ၊ ကိုယ့်ရဲ့ ပုဂ္ဂလိလွတ်လပ်ခွင့်ကို လာနှောက်ယှက်တာ၊ ကိုယ့်ဖုန်းကို ကြားဖြတ် ခိုးနားထောင်တာတွေကို တားမြစ်မယ့် ဥပဒေတစ်ခုကို မတ်လ ၁ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြုလိုက်ပါတယ်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကို မကြာခင် သမ္မတ လက်မှတ်ထိုးတဲ့အခါ ဥပဒေတစ်ရပ် ဖြစ်လာတော့မှာပါ။

လွှတ်တော် နှစ်ရပ်ကြားမှာ ဒီဥပဒေနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲ ခဲ့ပြီး အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော် ကြားမှာ အပြန်အလှန် ဆွေးနွေး ခဲ့ပြီးမှ အတည်ပြု နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဥပဒေ အပိုဒ် ၅ (က) ဖြစ်တဲ့ တည်ဆဲ ဥပဒေ မှတစ်ပါး ပုဂ္ဂိုလ်ရေး ဆိုင်ရာ လွပ်လပ် မှုကို ဖြစ်စေ၊ ပုဂ္ဂိုလ်ရေး ဆိုင်ရာ လုံခြုံမှုကို ဖြစ်စေ နစ်နာ ဆုံးရှုံးမှု မရှိစေရန် မည်သူ့ ကို မဆို အကာအကွယ်ပေးရမည် ဆိုတဲ့ အချက် ကို လွှတ်တော် နှစ်ရပ်မှာ အကျေ အလည် ဆွေးနွေး ခဲ့ရတယ်လို့ ပြည်သူ့လွှတ်တော် အမတ် ဦးမောင်မောင်ဦး က ပြောပါ တယ်။

အထူးသဖြင့် ဥပဒေ အပိုဒ် ၈(ဂ) ဖြစ်တဲ့ လူပုဂ္ဂိုလ် တစ်ဦးနဲ့ တစ်ဦး အကြား တိုက်ရိုက် ပြောကြားမှု သို့မဟုတ် ဆက်သွယ်ရေး ကိရိယာ တစ်မျိုးမျိုး နဲ့ ဆက်သွယ် ပြောကြားမှု ကို ကြားဖြတ် နားထောင်ခြင်း၊ တစ်နည်းနည်း နဲ့ အနှောင့်အယှက် ပေးခြင်း မပြုရ ဆိုတဲ့ အချက် ကိုလည်း အကျေအလည် ဆွေးနွေး ခဲ့ရပါတယ်။

ပုဒ်မ(၉) ထဲမှာ ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်ကြောင်း ခိုင်လုံသည့် အထောက် အထား မရှိဘဲ နိုင်ငံသား တစ်ဦး အား လူ့ဂုဏ်သိက္ခာ ကို ထိခိုက် စေနိုင်သော နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်း၊ စုံစမ်းခြင်း၊ ဝင်ရောက် ရှာဖွေ ဖမ်းဆီး ခြင်း မပြု ရဆိုတဲ့ ကိစ္စ ကို ပယ်ပျက် ခဲ့ပါတယ်။

အဲဒီလို အတည်ပြု ခဲ့တဲ့ ဥပဒေ ကြောင့် အခုဆိုရင် ဝန်ကြီးဌာန ခွင့်ပြုချက် နဲ့လည်း နောက်ယောင်ခံ လိုက်တဲ့ ကိစ္စတွေ ပြုလုပ်လို့ မရတော့ဘူးလို့ ဦးမောင်မောင်ဦး က ပြောပါတယ်။

အခု ဥပဒေ ကြောင့် နောက်ယောင်ခံ လိုက်တာ၊ ထောက်လှမ်းရေး အဖွဲ့အစည်း က စောင့်ကြည်တာ တွေ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။

ပြည်သူ့ လွှတ်တော်အမတ် ဦးမောင်မောင်ဦးဟာ သူ့ကိုယ် နောက်ယောင်ခံ လိုက်နေသူတွေ ရှိကြောင်း ထုတ်ဖော် ပြောကြား ခဲ့တဲ့ အမတ် တစ်ဦးလည်း ဖြစ်ပါတယ်။

ဥပဒေ အသက်ဝင်လာတဲ့ အချိန်မှာ စောင့်ကြည်မှုတွေ နောက်ယောင်ခံ လိုက်တာ တွေက ချက်ချင်း ပျောက်ကွယ် ဦးမှာ မဟုတ်ပေမယ့်လို့ ဝန်ကြီး ဌာန တွေ အားလုံး ပူးပေါင်း ဆောင်ရွက်မှု လိုအပ်မှာ ဖြစ်ပါတယ်။

တဖက်မှာလည်း လူပုဂ္ဂိုလ် လုံခြုံရေး ကို ဦးစားပေး လွန်းတယ် ဆိုရင် နိုင်ငံတော် လုံခြုံရေး ကို ထိခိုက် နိုင်တယ်ဆိုပြီး တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ကန့်ကွက်မှုတွေလည်း ရှိခဲ့ပါတယ်။

ဒီမိုကရေစီ ခရီးကို ချီတက် နေတာ ဖြစ်တဲ့ အတွက် ဒီမိုကရေစီ စံချိန်စံညွှန်း တွေ နဲ့ ကိုက်ညီဖို့ အတွက် နေရာတကာမှာ လုံခြုံရေး အကြောင်းပြပြီး ဖိနှိပ်တာမျိုး က ဒီမိုကရေစီ နဲ့ မကိုက်ညီဘူးလို့ ဦးမောင်မောင်ဦး က ပြောကြား ခဲ့ပါတယ်။