ပြင်သစ် သမ္မတလောင်း ဖိအားတွေနဲ့ ရင်ဆိုင်နေရ

  • 2 မတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စတာ Fillon ကို ရီပတ်ဘလီကန် သမ္မတလောင်းအဖြစ် လူ ၄သန်း ထောက်ခံမဲပေးခဲ့ကြ

ပြင်သစ်နိုင်ငံမှာ အလွဲသုံးစားမှုနဲ့ စွပ်စွဲခံထားရသူ လက်ျာဝါဒီ သမ္မတလောင်း Francois Fillon ကို ထောက်ခံအားပေးမှုတွေ ဆိုင်းငံ့လိုက်ပြီလို့ သူ့ကို နိုင်ငံရေးအရ အဓိက ထောက်ခံအားပေးနေတဲ့ UDI ပါတီက ထုတ်ဖော်ပြောလိုက်ပါတယ်။

အလွဲသုံးစားမှုနဲ့ အခုလနှောင်းပိုင်းမှာ တရားရုံးကို တရားဝင် လာရောက် စစ်ဆေးမေးမြန်းခံဖို့ ဆင့်ခေါ်ခံထားရတယ်ဆိုတာကို မစ္စတာ Fillon က အတည်ပြု ပြောခဲ့အပြီးမှာ UDI ပါတီက အခုလို ဆုံးဖြတ်လိုက်တာပါ။

သူ့ဇနီးသည်ဟာ တကယ်တမ်း အလုပ်မလုပ်ပဲ သူ့ရဲ့ ပါလီမန်အကူအနေနဲ့ ပြည်သူ့ငွေ ဒေါ်လာ ၉သိန်းလောက်ကို နှစ်ပေါင်းများစွာ လခယူနေတယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပြီး မစ္စတာ Fillon ကတော့ ဒီစွပ်စွဲချက်ကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။

ဒီစွပ်စွဲချက်တွေဟာ နိုင်ငံရေး လုပ်ကြံမှု ဖြစ်တယ်ဆိုပြီး သူ့ရဲ့ နိုင်ငံရေး မိတ်ဆွေတွေနဲ့ သူ့ကို သမ္မတလောင်းအဖြစ် ထောက်ခံမဲပေးခဲ့သူတွေက ပြောနေကြကြောင်း၊ တကယ်တမ်းမှာလည်း ဒါဟာ သူ့ကိုတင် မဟုတ်ပဲ သမ္မတလောင်း ရွေးပွဲကြီးကိုပါ နိုင်ငံရေးအရ လုပ်ကြံလိုက်တာ ဖြစ်တယ်လို့ မစ္စတာ Fillon က ပြောသွားပါတယ်။

တကယ်လို့ ရုံးတင် စစ်ဆေး ခံရမယ် ဆိုရင် ရွေးကောက်ပွဲမှာ သူဝင်မပြိုင် တော့ဘူးလို့ အစောပိုင်းက ပြောထားခဲ့ပေမယ့် အခု ဆက်အရွေးခံသွားမယ်လို့ ပြောလာတဲ့အတွက် သူ့ရဲ့ နိုင်ငံခြားရေးရာ အကြံပေး ပုဂ္ဂိုလ်ကလည်း ရာထူးကနေ နှုတ်ထွက်သွားပါပြီ။

မစ္စတာ Fillon ကို မနှစ်က ကျင်းပခဲ့တဲ့ ဗဟို လက်ျာယိမ်း ရီပတ်ဘလီကန်တွေရဲ့ ပါတီတွင်း သမ္မတလောင်းရွေးပွဲမှာ ရွေးချယ်ခဲ့တာ ဖြစ်ပြီး အဲဒီတုန်းက သူ့ကို လူ၄သန်းလောက် ထောက်ခံမဲပေးခဲ့ကြတာပါ။

အခု ဒီ စွပ်စွဲချက်တွေ ထွက်မလာခင် အချိန် အဲဒီတုန်းကအထိတော့ လက်ရှိ သမ္မတ Francois Hollande ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် မစ္စတာ Fillon ကို လူကြိုက်အများဆုံး ဖြစ်ခဲ့ပါတယ်။

အခုတော့ လူထု ထောက်ခံမှု စစ်တမ်းတွေအရ မစ္စတာ Fillon ဟာ လက်ျာစွန်း အမျိုးသား တပ်ဦး ပါတီခေါင်းဆောင် Marine le Pen နဲ့ အလယ်အလတ်ဝါဒီ Emmanuel Macron တို့ရဲ့ နောက် တတိယနေရာကို ရောက်သွားပါပြီ။

လက်ျာဝါဒီတဦး ဖြစ်တဲ့ မစ္စတာ Fillon ကို ပါတီရဲ့ သမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့တာဟာ ရီပတ်ဘလီကန်ပါတီအတွက် အရဲစွန့် လုပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို ရုံးတင် စစ်ဆေးခံရမယ့် အခြေအနေမျိုးကြောင့် ဆိုးကျိုး ရလဒ်တွေ ပေါ်ထွက်လာဘွယ် ရှိတယ် ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ပဲရစ်မြို့က ဘီဘီစီ သတင်းထောက် Lucy Williamson က သတင်းပေးပို့ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ