ရန်ကုန်တိုင်းမှာ NLD ပါတီ လူထုကို မဲဆွယ်စည်းရုံး

  • 2 မတ် 2017
ဓာတ်ပုံ မူပိုင် Shwe Innthar Khin Maung Win
Image caption ဒဂုံ မြို့သစ် အရှေ့ပိုင်းမှာ ပြုလုပ်တဲ့ ကြားဖြတ် ရွေးကောက်ပွဲ အောင်နိုင်ရေး NLD ပါတီ မဲဆွယ်ပွဲ တက်ရောက်လာသူများ

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေး ပါတီ အသီးသီးက မဲဆွယ် စည်းရုံးမှုတွေ ပြုလုပ် နေချိန်မှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကလည်း ရန်ကုန်တိုင်း အတွင်းက မြို့နယ် နှစ်မြို့နယ်မှာ မတ်လ ၂ ရက်နေ့က စည်းရုံး ဟောပြောခဲ့ကြပါတယ်။

ရန်ကုန်တိုင်း ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ်နဲ့ ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်တို့မှာ ပြုလုပ်တဲ့ ဟောပြောပွဲမှာ NLD သဘာပတိ အဖွဲ့ဝင် ဦးတင်ဦးနဲ့ အတွင်း ရေးမှူး အဖွဲ့ဝင် ဦးဝင်းမြင့်တို့က စည်းရုံး မဲဆွယ်ခဲ့ကြပါတယ်။

ဟောပြောကြရာမှာ NLD ပါတီ စွမ်းဆောင် နိုင်ခဲ့တဲ့ အပြောင်းအလဲတွေ၊ ဆက်လက် လုပ်ဆောင်ရမယ့် အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ ပါတီ ခေါင်းဆောင်တွေက ပြည်သူတွေကို ရှင်းပြခဲ့တယ်လို့ မဲဆွယ် စည်းရုံးမှုတွေမှာ ပါဝင် ဆောင်ရွက် နေတဲ့ ရန်ကုန်တိုင်း NLD ပါတီ အလုပ် အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဌေးက ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်တိုင်း အတွင်း အမျိုးသား လွှတ်တော် အမှတ် ၆ လွှတ်တော် ကိုယ်စားလှယ် တစ်နေရာ နဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ လှိုင်သာယာနဲ့ ကော့မှူး စတဲ့ လစ်လပ် နေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လေးနေရာ ရှိရာမှာ NLD အတွက်က အဲဒီ ငါးနေရာ စလုံးက အကြိတ် အနယ် ပြိုင်ရမယ့် နေရာတွေ လို့ သူက ဆက်ပြော ပါတယ်။

ဒါပေမဲ့ အဲဒီ ငါးနေရာစလုံး အနိုင်ရမယ်လို့ ရာနှုန်းပြည့် ယုံကြည်ကြောင်းလည်း ဦးမြင့်ဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက NLD ပါတီ ကြွေးကြော်ခဲ့တဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်မယ် ဆိုတဲ့ အတိုင်း အပြည့်အဝ မလုပ်နိုင်သေးပေမဲ့ တဖြည်းဖြည်းချင်း လုပ်ဆောင်နေတာတွေကို မဲဆွယ် စည်းရုံးပွဲမှာ ပြောပြကြောင်းနဲ့ တချို့ ပြည်သူ တွေက ဒါတွေကို နားလည် သဘော ပေါက်ကြောင်း သူက ပြောပါတယ်။