မောင်တောမြို့နယ်အတွင်း လူပျောက်ဆုံးမှုတွေ၊ လူသတ်မှုတွေ ဖြစ်ပေါ်နေ

  • 3 မတ် 2017
Image caption မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ အာဏာပိုင်တွေက လုံခြုံရေး အထူးသတိထား ဆောင်ရွက်နေ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အခြေအနေတွေ တည်ငြိမ်လာတဲ့အတွက် တပ်မတော်က စစ်ဆင်ရေးတွေ ရပ်လိုက်ပြီးတဲ့နောက်မှာ အမည်မသိ အုပ်စုတွေက လူတွေကို သတ်ဖြတ်မှုတွေ ရှိနေတဲ့ အတွက် လူထုအတွင်း စိုးရိမ်မှုတွေ ပေါ်ပေါက်နေပါတယ်။

မောင်တောမြို့နယ်မှာ ဗုဒ္ဓဟူးနေ့က မျက်နှာဖုံး စွပ်ထားတဲ့ လူတစ်စု ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ဆယ်အိမ်မှူးဟောင်း တစ်ဦးရဲ့ အလောင်းကို ကြာသပတေးနေ့ မနက်က တွေ့ရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင်ကျေးရွာက အသက် ၂၈နှစ်အရွယ် ခမီ အမျိုးသားတဦး တောထဲမှာ ဟင်းစား သွားရှာစဉ် အသတ်ခံခဲ့ရပြီး သူအသတ်ခံရတဲ့ နေရာအနီးမှာ အကြမ်းဖက်သမားတွေ ခိုအောင်းနေခဲ့တဲ့ နေရာတစ်ခုကို တွေ့ရတဲ့ အတွက် တပ်မတော်က တောနင်း ရှာဖွေမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

အဲဒီဒေသမှာ တပ်က လှုပ်ရှားမှုတွေ ရှိနေတဲ့ အတွက် ပစ်မိန့်ပေးထားကြောင်းနဲ့ လူမှားပြီး ပစ်ရင် ပြဿနာ တက်နိုင်တဲ့ အတွက် တောထဲကို မသွားဖို့ တားထားကြောင်း တောထဲမှာ ထင်းခုတ်လေ့ ရှိသူ ဦးဆန်းဝင်းက ဘီဘီစီကို ပြောပြပါတယ်။

အခုလို အသတ်ခံရတဲ့ အတွက် လူထုအကြား စိုးရိမ်မှုတွေ ပေါ်ပေါက်နေပြီး အာဏာပိုင်တွေက လုံခြုံရေးကို အထူးသတိထား ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ