ကုလသမဂ္ဂရဲ့ အမြင့်ဆုံး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ ယန်ဟီးလီး တိုက်တွန်း

  • 3 မတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဇန္နဝါရီလက ရှမ်းနဲ့ ကချင်ဒေသတွေကိုလည်း မစ်စ် ယန်ဟီး လီး သွားရောက်ခဲ့

ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ်စ် ယန်ဟီး လီးက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် COI ခေါ် ကုလသမဂ္ဂရဲ့ အမြင့်ဆုံး အဆင့် စုံစမ်းစစ်ဆေးရေး ကော်မရှင် တရပ် ဖွဲ့စည်းပေးဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။

ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ နှစ်ပါတ်လည် အစည်းအဝေးမှာ တင်ပြခဲ့တဲ့ သူ့ရဲ့ အစီရင်ခံစာထဲမှာ မစ်စ် ယန်ဟီး လီးက အခုလို တိုက်တွန်းလိုက်တာပါ။

ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရိုဟင်ဂျာတွေနဲ့ တခြား လူနည်းစုတွေအပေါ် မူဝါဒပိုင်းအရရော၊ ဥပဒေအရရော လက်တွေ့လုပ်ဆောင်ရာမှာရော ခွဲခြား ဆက်ဆံတဲ့ စနစ်မျိုးလို ကျင့်သုံးနေတာတွေ၊ ကာလတာရှည် ဖိနှိပ်ဆက်ဆံနေတာတွေကို စုံစမ်းစစ်ဆေးဖို့အတွက် COI ကော်မရှင် ဖွဲ့ဖို့ မစ်စ် ယန်ဟီး လီးက တိုက်တွန်းထားပါတယ်။

အဲဒီကော်မရှင်အနေနဲ့ ၂၀၁၂၊ ၂၀၁၄ခုနှစ်က အကြမ်းဖက်မှု ဖြစ်ရပ်တွေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ဆင်နှိမ်နင်းမှုတွေအပေါ် အဓိကထား စုံစမ်း စစ်ဆေးသင့်တယ်လို့ သူက ပြောပါတယ်။

ဒီဖြစ်ရပ်တွေဟာ လူမဆန်တဲ့ ရာဇဝတ်မှု မြောက်နိုင်တယ်လို့ မစ်စ် ယန်ဟီး လီးက ပြောပါတယ်။

အောက်တိုဘာလကစလို့ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ဆင်နှိမ်နင်းမှုတွေအတွင်း လူသတ်မှု၊ မုဒိမ်းမှု၊ ညှင်းပန်းနှိပ်စက်မှုတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးမှု တခုမှာ စွပ်စွဲ ဖေါ်ပြထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ လုပ်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို မြန်မာ အစိုးရက ငြင်းဆိုထားပြီး ဒီစွပ်စွဲချက်တွေဟာ တရားမျှတမှု မရှိတဲ့ ဘက်လိုက်တဲ့ စွပ်စွဲချက်တွေ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

COI ကော်မရှင်ဖွဲ့ရေးကို လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ်ပြဋ္ဌာန်းချက်တရပ်နဲ့ သဘောတူခဲ့မယ် ဆိုရင်တော့ အခုလနှောင်းပိုင်း အစည်းအဝေး မပြီးဆုံးခင် ဖွဲ့စည်းနိုင်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ