သဘာဝ တရိစ္ဆာန်နဲ့ ပန်းမန်တွေကို ကာကွယ်ရေး အထိမ်းအမှတ်နေ့

  • 3 မတ် 2017
ဓာတ်ပုံ မူပိုင် wildlifeday.org
Image caption "လူငယ်တွေရဲ့ အသံကို နားစွင့်ကြ"

ဒီကနေ့ မတ်လ ၃ ရက် နေ့ဟာ ကမ္ဘာ့ တောရိုင်း တိရိစ္ဆာန် နေ့ Wildlife Day အဖြစ် ကုလသမဂ္ဂ အဖွဲ့က သတ်မှတ် ထားပါတယ်။

မျိုးတုံး ပျောက်ကွယ်မယ့် အန္တရာယ်နဲ့ ကြုံတွေ့ နေရတဲ့ သဘာဝ တောရိုင်း တိရိစ္ဆာန်တွေကို ရောင်းဝယ် ဖောက်ကားတာကို တားမြစ်ဖို့ နိုင်ငံတကာ သဘောတူ စာချုပ် ရေးထိုး ခဲ့တဲ့ နေ့ကို သတ်မှတ် ထားတာ ဖြစ်ပါတယ်။

ဒီနေ့မှာ သဘာဝ တောရိုင်း တိရိစ္ဆာန် တွေနဲ့ ပန်းမန်တွေကို ထိန်းသိမ်း ကာကွယ်ရေး အသိ တိုးမြင့်လာဖို့ ရည်ရွယ်တဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေ ပြုလုပ် လေ့ ရှိကြပါတယ်။

အခု ၂ဝ၁၇ ရဲ့ Wildlife Day မှာတော့ "လူငယ်တွေရဲ့ အသံကို နားစွင့်ကြ" ဆိုတဲ့ သဘောထားကို အခြေခံပြီး လှုပ်ရှားမှုတွေ ပြုလုပ် ခဲ့ကြပါတယ်။

ကမ္ဘာ့ လူဦးရေရဲ့ ၄ ပုံ ၁ပုံဟာ အသက် ၁ဝနှစ်ကနေ ၂၄ နှစ် အရွယ်ကြား ဖြစ်တဲ့ အတွက် သဘာဝ တောရိုင်း တိရိစ္ဆာန် တွေနဲ့ ပန်းမန်တွေကို ထိန်းသိမ်း ကာကွယ်ရေးမှာ လူငယ်တွေ စိတ်ဝင်တစား အသိသိ ရှိရှိ ပါဝင် လာဖို့ တွန်းအား ပေးသင့်တယ်လို့ ကုလသမဂ္ဂ အဖွဲ့က ယူဆ ထားပါတယ်။

မြန်မာနိုင်ငံကို ကြည့်ရင်တော့ ကရင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ KESAN က သူတို့ ဆောင်ရွက်နေတဲ့ သံလွင် ငြိမ်းချမ်းရေး ဥယျာဉ် အကြောင်း Wildlife Day အထိမ်းအမှတ် စတင် မိတ်ဆက် လာပါတယ်။

ကရင်လို မုထရော Mutraw ဒေသ (ဖာပွန် နယ်မြေထဲ) ကရင် လူမျိုးတို့ရဲ့ ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်တွေ နဲ့အတူ တောတောင် ရေမြေ သဘာဝတို့ကို ထိန်းသိမ်း နိုင်ဖို့ ဘေးမဲ့တော အဖြစ် သတ်မှတ် လုပ်ဆောင် နေတာ ဖြစ်ပါတယ်။

သံလွင် ငြိမ်းချမ်းရေး ဥယျာဉ် နယ်မြေကို စတုရန်း ကီလိုမီတာ ငါးထောင့်လေးရာ အကျယ်အဝန်း အထိ သတ်မှတ် ထားပြီး အဒီမှာ ကျားနဲ့ သင်းခွေချပ်လိုမျိုး ရှားပါး တောရိုင်း တိရိစ္ဆာန် တွေ ရှိနေပါတယ်။

သံလွင်မြစ်ကို ပျက်စီး သွားနိုင်တဲ့ ဧရာမ မြစ်ရေ တာတမံ စီမံကိန်းကြီးတွေ၊ သတ္တု တူးဖော်ရေး မိုင်းတွင်းကြီး တွေ နေရာ ယူလာမယ့် အစား ပတ်ဝန်းကျင် သဘာဝနဲ့ ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်တွေ ကို လူထု ဗဟိုပြု လှုပ်ရှားမှုတွေနဲ့ ထိန်းသိမ်း ကာကွယ်နိုင်ဖို့ ကြိုးစား နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။