UNFC တောင်းဆိုချက် ၉ ချက်ကို မူအားဖြင့် သဘောတူ

  • 3 မတ် 2017
Image caption တရားဝင် လက်မှတ် ရေးနိုင်ဖို့ အဆင့်ကို ဖြတ်ကျော် ရဦးမယ်

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ထိုး မထားတဲ့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က အဆိုပြုထားတဲ့ အချက် ၉ ချက်ကို အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်က မူအားဖြင့် သဘောတူ လိုက်ပါတယ်။

UNFC ဘက်က အဆိုပြုထားတဲ့ အချက် ၉ ချက်ထဲ တနိုင်ငံလုံး အပစ်ရပ်ရေးကို အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက (၄၈)နာရီ အတွင်း ကြေညာပေးဖို့ ၊ အပစ်အခတ် ရပ်စဲရေးကို နိုင်ငံတကာ အဖွဲ့တွေပါတဲ့ ကိုယ်စားလှယ်တွေနဲ့ စောင့်ကြည့်ဖို့ နဲ့ လွတ်လပ်မှု တန်းတူညီမျှမှု တရားမျှတမှု ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဒါပေမယ့် ဒါဟာ ပထမအဆင့် အခြေခံ သဘာတူညီမှု ဖြစ်ပြီး ဆက်လက် ဆွေးနွေးရမယ့် အချက်တွေ ရှိတယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

UNFC ကို ကိုယ်စားပြု လာရောက် ဆွေးနွေးတဲ့ ကိုယ်စားလှယ် အဖွဲ့ DPN အနေနဲ့ UNFC ကို ပြန်လည် တင်ပြ ရမှာ ဖြစ်သလို၊ အဆိုပြုချက် ၉ ချက်ထဲက အချက် (၃) နဲ့ (၅) တွေကို ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ JMC ထဲမှာ ဆက်လက် ဆွေးနွေး သွားရမှာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

အချက် (၃) နဲ့ (၅) ဆိုတာတွေဟာ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ တရားဝင် နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်လာဖို့၊ NCA စာချုပ် လက်မှတ်ထိုးပြီးချိန်မှာ နှစ်ဦးနှစ်ဘ် လိုက်နာရမယ့် အပစ်ရပ်ရေး ဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေနဲ့ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်တွေ၊ စောင့်ကြည့်ရေး နဲ့ တပ်နေရာ ချထားရေး ကိစ္စတွေ ဖြစ်ပါတယ်။

NCA ထဲ ပါဝင် နိုင်ဖို့ ဆိုရင် အခုလို မူအားဖြင့် သဘောတူ ရုံသာ မကပဲ တရားဝင် လက်မှတ် ရေးထိုး နိုင်ဖို့ အဆင့်ကို ဖြတ်ကျော် ရလိမ့် ဦးမယ်လို့ DPN ကို ဦးဆောင် လာတဲ့ UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ပြောပါတယ်။

ဒါပေမယ့် ဘယ် အချိန် ဖြစ်လာ မလဲ ဆိုတာ စောင့်ကြည့် ရဦးမှာ ဖြစ်တယ်လို့ ခူးဦးရယ်က ဆိုပါတယ်။

ဒါ့ကြောင့်၂၁ ရာစု ပင်လုံ ညီလာခံ ဒုတိယ အကြိမ် ပြန် ကျင်းပတာ အမှီ NCA လက်မှတ် ရေးထိုး နိုင်မှာလား ဆိုတာ မသေမချာဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီ အချိန်မှာပဲ အခု မတ်လထဲ ပြန်စဖို့ လျာထား ထားတဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ ကလည်း ကျင်းပမယ့်ရက် ထပ်မံ ရက် နောက်ဆုတ်သွားဖို့ ရှိနေပြီး ဒါဟာ မတ်လလယ်လောက်မှာ KNU အစည်းအဝေး ကျင်းပဖို့ ရှိနေတာကြောင့် ဖြစ်သလို အစိုးရ၊ နိုင်ငံရေး ပါတီတွေ နဲ့ အပစ်ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ EAO တို့ကြား ဆွေးနွေး နေရတာကြောင့် ဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။