မီတာခတွေ သုံးဆ တက်ဖို့ ပြင်နေ

  • 3 မတ် 2017
ဓာတ်ပုံ မူပိုင် U Phyo Min Thein Facebook
Image caption ပြည်သူ့ အသံကို နားထောင်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပြော

လာမယ့် ဘဏ္ဍာရေးနှစ်မှာ မီတာခတွေ သုံးဆတိုးမြှင့််ဖို့ လိုတယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်းလွှတ်တော်မှာ ပြောခဲ့ကြောင်း ဒဂုံမြို့နယ်က ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးရာ ကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက ပြောပါတယ်။

မြန်မာ နိုင်ငံမှာ မီတာခ တစ်ယူနစ် ထုတ်လုပ်မှု အတွက် ကုန်ကျငွေထက် လျှော့ပြီး အစိုးရက အရှုံးခံ ဖြန့်ဝေ ပေးနေရလို့ လျှပ်စစ် မီတာခတွေ ထပ်တိုး ကောက်နိုင်အောင် ရန်ကုန်တိုင်း အစိုးရနဲ့ လွှတ်တော် ကြားမှာ နည်းလမ်း ရှာနေကြတာ ဖြစ်ပါတယ်။

မီတာခ တိုးမြှင့်ရေးအတွက် ပြည်သူတွေရဲ့ အသံကို နားထောင်ပြီး လွှတ်တော် ကိုယ်စားလှယ် တွေက အဆို တင်ကြဖို့နဲ့ ပြည်သူတွေ ကို နားလည် လက်ခံအောင် ရှင်းပြဖို့ ၊ သူကိုယ်တိုင်လည်း ပြည်သူ လူထုနဲ့ တွေ့တဲ့အခါ ရှင်းလင်း ပြောပြမယ်လို့ ဦးဖြိုးမင်းသိန်းက လွှတ်တော် ကိုယ်စားလှယ် တွေကို ပြောခဲ့ကြောင်း ဦးကျော်ဇေယျက ပြောပါတယ်။

မီတာခ တစ်ယူနစ်အတွက် အစိုးရရဲ့ ထုတ်လုပ်မှု စရိတ်က ကျပ် ၁၀၀ နီးပါး ကုန်ကျပေမဲ့ လောလောဆယ် တစ်ယူနစ်ကို ၃၅ ကျပ်သာ ကောက်ခံထားတဲ့ အတွက် တစ်ယူနစ်ကို အနိမ့်ဆုံး ၁၃၀ ကျပ် သတ်မှတ်မှ ရမယ်လို့ ဦးဖြိုးမင်းသိန်းက ပြောကြောင်းလည်း သူက ဆိုပါတယ်။

ကောက်ယူ နှုန်းထား နည်းနေတဲ့ စက်မှုဇုန်က မီတာခ တွေကို အရင် တိုးမြှင့် ကောက်ခံမှာ ဖြစ်တယ်လို့လည်း ဦးကျော်ဇေယျက ပြောပါတယ်။

မီတာခတွေက မဖြစ်မနေ တက်ရမှာ ဖြစ်လို့ လာမယ့် မတ်လ ၂၀ ရက်နေ့ တိုင်းလွှတ်တော် ပြန်မစခင် ပြည်သူတွေနဲ့ တွေ့ဆုံပြီး ရှင်းပြမယ်လို့ သူက ပြောပါတယ်။

တိုးမြှင့်ကောက်ခံရာ မှာလည်း ချက်ချင်း တိုးကောက်မလား၊ တဖြည်းဖြည်း စျေး မြှင့်သွားရမလား ဆိုတာနဲ့ စွမ်းအင်အတွက် ဘယ်လို ရင်းနှီး မြုပ်နှံမှုတွေနဲ့ လုပ်ဆောင်မလဲ ဆိုတာ စဉ်းစား နေတယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။

တကယ်တမ်းမှာ စွမ်းအင် အတွက် ရင်းနှီး မြှုပ်နှံမယ့် ကုမ္ပဏီတွေ ကိုဖိတ်ခေါ်သင့်တယ်၊ မြန်မာ နိုင်ငံမှာ စွမ်းအင် ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို လိုအပ်နေတယ်လို့ သူ့အနေနဲ့ ယူဆကြောင်း ဦးကျော်ဇေယျက ပြောပါတယ်။