မန္တလေးက သွားဆရာဝန်နဲ့ ဇနီးတို့ အိမ်အကူ နှိပ်စက်မှုနဲ့ အဖမ်းခံရ

  • 3 မတ် 2017
ဓာတ်ပုံ မူပိုင် Ko Naing Ye Wai @Facebook
Image caption နှိပ်စက်တဲ့ ဇနီးမောင်နှံကို ပြန်လွှတ်လိုက်တဲ့အတွက် ကိုနိုင်ရဲဝေက မအေးကျင်ကို ဝှက်ထားတဲ့ နေရာကနေ သွားရောက် ကယ်ဆယ်ပေးခဲ့ရ

မန္တလေးတိုင်း အမရပူရမြို့နယ် ထန်းတောရွာက အိမ်တအိမ်မှာ အိမ်အကူ မိန်းကလေးတယောက် ဆိုးဆိုးဝါးဝါး နှိပ်စက်ခံခဲ့ရတဲ့အတွက် ကျူးလွန်သူတွေကို ဖမ်းဆီးခံထားရတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ မန္တလေးတိုင်း တောင်သူ လယ်သမားအရေးနဲ့ ပြည်သူ့ရေးရာ ကိစ္စရပ်များ ညှိနှိုင်းရေး ကော်မတီက ကို နိုင်ရဲဝေက ဘီဘီစီကို ပြောပါတယ်။

အခုလို နှိပ်စက်ခဲ့တဲ့ သွားဆရာဝန် ဦးနိုင်အောင် ခေါ် အားရှန်နဲ့ သူ့ရဲ့ ဇနီး မဆောင်းနှင်းသစ်တို့ဟာ တလ လစာ ငါးသောင်းခွဲနဲ့ လေးလကြာ သူတို့ဆီမှာ အလုပ်လုပ်နေခဲ့တဲ့ ၁၄နှစ်အရွယ် ပလောင် တိုင်းရင်းသူ မအေးကျင်ကို နည်းမျိုးစုံသုံးပြီး နှိပ်စက်ခံခဲ့တာ ဖြစ်ပါတယ်။

မအေးကျင်ဟာ လက်မှာ အပ်နဲ့ထိုးပြီး တူနဲ့ ရိုက်သွင်းခံရတာ၊ ဒူးခေါင်းကို တူနဲ့ ထုတာနဲ့ ကျောကုန်းကို ဝါယာကြိုးနဲ့ ရိုက်တာတွေ အလုပ်ခံခဲ့ရတာ ဖြစ်တယ်လို့ သက်သေခံ ဓါတ်ပုံတွေ ရိုက်ယူခဲ့တဲ့ ကို နိုင်ရဲဝေက ဘီဘီစီကို ပြောပါတယ်။

နှိပ်စက်မှု ဖြစ်စဉ်အပေါ် တိုင်ကြားမှုကြောင့် ရွာအုပ်ချုပ်ရေးနဲ့ ရဲတွေက ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ မအေးကျင်ကို လာရောက်ခေါ်ဆောင်သွားခဲ့ပေမယ့် နှိပ်စက်တဲ့ ဇနီးမောင်နှံကို ပြန်လွှတ်လိုက်တဲ့အတွက် တရပ်ကွက်ထဲနေ ကိုနိုင်ရဲဝေက မအေးကျင်ကို ဝှက်ထားတဲ့ နေရာကနေ သွားရောက် ကယ်ဆယ်ပေးခဲ့ရတယ်လို့ သူက ပြောပါတယ်။

မတ်လ ၃ ရက်နေ့ မနက်ပိုင်းရောက်မှ နှိပ်စက်တဲ့ ဇနီးမောင်းနှံကို အပြင်းအထန် နာကျင်စေမှု အပါအဝင် ကလေးသူငယ် ညှင်းပန်းနှိပ်စက်တဲ့ အမှုတွေနဲ့ အာဏာပိုင်တွေ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

မအေးကျင်ကိုတော့ မန္တလေးတိုင်း လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြန်လည် နေရာ ချထားရေး ဌာနက လာရောက် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက အခုလို နှိပ်စက်ခံရမှုတွေမှာ လျော်ကြေးပေး ကျေအေးမှုတွေ ရှိနေတဲ့ အတွက် ဥပဒေစိုးမိုးမှုမရှိပဲ ဖြစ်နေပြီး ဒီလိုထပ်မဖြစ်ဖို့အတွက် အိမ်အကူ အလုပ်သမားတွေကို ကာကွယ်တဲ့ ဥပဒေ ပေါ်ပေါက်ဖို့ လိုအပ်နေပြီလို့ ကိုနိုင်ရဲဝေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ