နာဂဒေသမှာ ချောင်းဆိုးရောဂါဖြစ်ပွားလို့ လူသေမှုတွေရှိ

  • 4 မတ် 2017
ဓာတ်ပုံ မူပိုင် Nagaland
Image caption တောတောင်ထူထပ်တဲ့ နာဂဒေသမှာ သွားရေးခက်ခဲ

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွေးထွေနောက်ကုန်းအုပ်စု လောနောကုန်းကုန်း ကျေးရွာနဲ့ လောနောက်အင်းကျေးရွာတွေမှာ ချောင်းဆိုးရောဂါတမျိုး ဖြစ်ပွားနေလို့ လူသေဆုံးမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကလည်း နာဂဒေသက နန်းယွန်းနဲ့ လဟယ်မြို့နယ်တွေမှာ ကူးစက်ရောဂါတမျိုး ဖြစ်တဲ့ ဝက်သက်ရောဂါကြောင့် လူ(၈ဝ) ကျော်လောက် သေဆုံးခဲ့လို့ ကာကွယ်ဆေးထိုးပေးတာတွေ လုပ်ခဲ့ရပါတယ်။

အခုဖြစ်ပွားနေတဲ့ ချောင်းဆိုးရောဂါကြောင့် (၂) လ အတွင်း လူ(၁၄)ဦး သေဆုံးခဲ့တယ်လို့ စစ်ကိုင်းတိုင်းအစိုးရက ထုတ်ပြန်ပါတယ်။

ကွင်းဆင်းလေ့လာမှုတွေ အရ ကလေး ၂ ဦးအပါအဝင် လူ ၁၄ ဦးလောက် သေဆုံးခဲ့ပြီး ကူးစက်ရောဂါတော့ မဟုတ်ဘူးလို့ စစ်ကိုင်းတိုင်း လူမှုရေးရာ ဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောပါတယ်။

ဒီရွာတွေဆီ ဆရာဝန်နဲ့ ကျန်းမာရေး လုပ်သားတွေ၊ စေတနာ့ ဝန်ထမ်းတွေ စေလွှတ်ပြီး ကုသမှုတွေ လုပ်နေတယ်လို့လည်း ပြောပါတယ်။

အာဟာရ ချို့တဲ့မှု၊ နေအိမ်တွေမှာ လေဝင်လေထွက် ညံ့ဖျင်းပြီး မီးခိုးတွေနဲ့ ပိတ်မိနေတာ၊ နောက် သွားလာရေး ခက်ခဲပြီး ရွှေ့ပြောင်း နေထိုင်မှုနဲ့ ကာကွယ်ဆေး အပြည့်အဝ မရတာတွေကြောင့် ဒီလို ရောဂါတွေ ဖြစ်ပွားနေတာလို့ သိရပါတယ်။

အစိုးရသစ် လက်ထက် ရောဂါ ဖြစ်မှု ၂ ကြိမ် ရှိကြောင်း သတင်းရရှိပြီး နာဂမှာ ကျန်းမာရေး ဝန်ထမ်းတွေ တိုးချဲ့ခန့်ဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ