ရန်ကုန် ဝန်ကြီးချုပ် တာဝန်က ခေတ္တ အနားယူ

  • 4 မတ် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ရန်ကုန် တိုင်း နယ်လုံ ဝန်ကြီး က ခေတ္တ တာဝန်ယူမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေ

ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ နှလုံးခွဲစိတ် ကုသမှု ခံဖို့ အတွက် တာဝန်က ယာယီ အနားယူ နေပါတယ်။

ကျင်းပဖို့ ရှိနေတဲ့ ရန်ကုန်တိုင်း လွှတ်တော် ကို တက်ရောက် နိုင်မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြား ခဲ့ကြောင်း ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဘီဘီစီ ကို ပြောပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် က နှလုံး ခွဲစိတ်ကုသမှု ခံယူဖို့ အတွက် ခေတ္တ အနားယူမှာ ဖြစ်တာကြောင့် ရန်ကုန်တိုင်း လွှတ်တော် ကို ခွင့်တင် ထားခဲ့ကြောင်း သိရှိရပါတယ်။

ရက်သတ္တပတ် နှစ်ပတ် ကနေ တစ်လ အကြား ဆေးကုသမှု ခံယူရမှာ ဖြစ်တဲ့ အတွက် အဲဒီ အချိန်တွေမှာ ဝန်ကြီးချုပ် လုပ်ငန်း တာဝန် တွေကနေ ခဏ အနားယူ ထား တာပါ။

ဝန်ကြီးချုပ် နေရာမှာ အစားထိုး တာဝန်ယူ ဖို့ အတွက် အစိုးရ ဘက်ကရော၊ NLD ပါတီ ဘက်ကပါ တရားဝင် ထုတ်ဖော် ပြောကြား ထားတာ မရှိပေမယ့် ရန်ကုန် တိုင်း နယ်လုံ ဝန်ကြီး က ခေတ္တ တာဝန်ယူမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

သက်ဆိုင်ရာ ဌာန တွေရဲ့ ဝန်ကြီးတွေဟာလည်း အစိုးရ အလုပ်တွေကို ဆက်လုပ် နေမှာ ဖြစ်တဲ့ အတွက် အစိုးရ ယန္တရား ကတော့ ဆက်လက် လည်ပတ် နေမယ်လို့ ဒေါ်စန္ဒာမင်း က ဆိုပါတယ်။

တိုင်းဒေသကြီး အစိုးရ အဖွဲ့မှာ ဝန်ကြီးချုပ် က အကြောင်းကြောင်းကြောင့် တာဝန် မထမ်းဆောင် နိုင်တဲ့ အခါမှာ နယ်လုံ ဝန်ကြီး က ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင် ရမယ် ဆိုတဲ့ ဥပဒေ သတ်မှတ်ချက်မျိုးတော့ မရှိပါဘူး။

ဒေသဆိုင်ရာ အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ရာထူး ကနေ ခေတ္တ အနားယူ တဲ့ အခါမှာ ဘယ်သူ့ ကိုဖြင့် အစားထိုး တာဝန် ထမ်းဆောင် စေမယ် ဆိုတဲ့ ကြေညာချက် မျိုး နိုင်ငံတော် သမ္မတရုံး က ထုတ်ပြန်ဖို့ လိုအပ်မှာ ဖြစ်ကြောင်း ဒေါ်စန္ဒာမင်း က ပြောပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး ဟာ နယ်မြေ ကျယ်ဝန်း ပြီး မြို့နယ် များပြားတဲ့ အတွက် လုံခြုံရေး မကျိုးပေါက်ဖို့ အရေးကြီး ကြောင်း၊ အဲဒီ အတွက် စစ်တပ်က ခန့်အပ် ထားတဲ့ နယ်လုံ ဝန်ကြီး ကို ဝန်ကြီးချုပ် အဖြစ် တာဝန် ယူစေတာ ဖြစ်နိုင်ကြောင်း သူ့ရဲ့ ကိုယ်ပိုင် အမြင် ကို ဒေါ်စန္ဒာမင်း က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ