အထည်ချုပ် စက်ရုံက နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ တရုတ်တောင်းဆို

  • 4 မတ် 2017
Image caption တရုတ်နိုင်ငံသား (၇)ဦးကို လည်း ဖမ်းဆီးခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့

လှိုင်သာယာစက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေ နဲ့ စက်ရုံတာဝန်ရှိသူတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး စက်ရုံပိုင် ပစ္စည်းတွေကို အလုပ်သမားတွေက ဖျက်ဆီးတာတွေ လုပ်ခဲ့ပါတယ်။

ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ အနည်းဆုံး အခကြေးငွေနဲ့ ပတ်သက်လို့ တောင်းဆိုမှုတွေ လုပ်ခဲ့အပြီး စက်ရုံအလုပ်သမားခေါင်းဆောင်ကို အလုပ်ကနေ ထုတ်ပယ်တဲ့အတွက် အလုပ်မဆင်းပဲ စက်ရုံဝင်းထဲမှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ (၂၃) ရက်နေ့မှာတော့ ဆန္ဒပြအလုပ်သမားတွေဟာ စက်ရုံပိုင် ပစ္စည်းတွေဖျက်စီးပြီး စက်ရုံကို မီးရှို့ခဲ့သလို တရုတ်နိုင်ငံသား (၇)ဦးကို လည်း ဖမ်းဆီးခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အလုပ်သမားတွေဘက်ကတော့ စွပ်စွဲပြောနေကြသလို သူတို့ဘက်က ကျူးလွန်ခဲ့တာ မဟုတ်ဘူးလို့ ဆန္ဒပြ အလုပ်သမားခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ မချစ်ဆုဝေက ပြောပါတယ်။

ဒီဖြစ်ရပ်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ဝင်ရောက်ဖြေရှင်းခဲ့ ပြီးတော့ အလုပ်သမားတွေ အနေနဲ့ မီးရှို့ဖျက်စီးတာ၊ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးတာမျိုး မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

တရုတ်သံရုံးကတော့ သူတို့နိုင်ငံသားတွေရဲ့ အသက်လုံခြုံရေး နဲ့ အကျိုးစီးပွားကို အကာကွယ်ပေးဖို့ ကျူးလွန်သူတွေကို အရေးယူပေးဖို့ တောင်းဆိုချက်ကို တရုတ်သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

လောလောဆယ်အထိတော့ အလုပ်သမားတွေကို ခေါ်ယူစစ်ဆေးတာ မရှိသလို စက်ရုံကိုလည်း ပိုင်ရှင်က ပိတ်ထားပါတယ်။

စက်မှုဇုန်တွေမှာ အခုလိုနိုင်ငံခြားသားပိုင် စက်ရုံတွေမှာ အလုပ်ရှင် အလုပ်သမားအကြား ဖြစ်တဲ့ ပြဿနာတွေကို မကြာခဏ ဖြေရှင်းနေရပါတယ်။ ဒီထဲမှာ တရုတ်နိုင်ငံသားပိုင် စက်ရုံတွေမှာ ဖြေရှင်းရတာ အများဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းဇော် က ပြောပါတယ်။

အခု ပြဿနာဖြစ်နေတဲ့ ဟန်ကျိုးပိုင်ရီ စက်ရုံမှာတော့ အလုပ်ထုတ်ပယ်ခံရတဲ့ အလုပ်သမားခေါင်းဆောင်ကို အလုပ်ပြန်ခန့်ဖို့ အလုပ်သမားအရေးဖြေရှင်းပေးတဲ့ ခုံသမာဓိကောင်စီက ဆုံးဖြတ်ချက်ချထားပါတယ်။

အလုပ်သမားတွေဘက်ကတော့ အလုပ်သမားခေါင်းဆောင်ကို ပြန်ခန့်ပေးလိုက်တဲ့အတွက် တောင်းဆိုမှုတွေ ထပ်မလုပ်တော့ဘဲ စက်ရုံပိုင်ပစ္စည်းတွေကို ဖျက်ဆီးခဲ့လို့ တိုင်ကြားရင် ဥပဒေကြောင်းအရ ရင်ဆိုင်မယ်လို့ ပြောကြားနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ