နိုင်ကျဉ်းဟောင်းအဖွဲ့ ဗဟိုကော်မတီမှာ မျိုးဆက်သစ်တွေ ပါဝင်လာ

  • 5 မတ် 2017
ဓာတ်ပုံ မူပိုင် Former Political Prisoners @Facebook
Image caption လက်ရှိ နိုင်ငံရေး အကျဉ်းသား ၈၆ ဦးနဲ့ အမှု ရင်ဆိုင်နေရသူ ၂၀ဝ ကျော် အပါအဝင် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ကြုံနေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး

မတ်လ ၅ ရက်နေ့မှာ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ရဲ့ စတုတ္တအကြိမ်ညီလာခံကို ရန်ကုန်မြို့ သစ်ခွ ဟိုတယ်မှာ ကျင်းပခဲ့ပြီး ၈၈ နောက်ပိုင်း မျိုးဆက်သစ် နိုင်ငံရေး အကျဉ်းသားဟောင်းတွေလည်း အလုပ်အမှုဆောင် ကော်မတီမှာ ပါဝင်လာပြီလို့ ဗဟိုကော်မတီဝင် ဦးတင်မောင်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီအစည်းအဝေးမှာ အလုပ်အမှုဆောင်သစ် ၁၅ ဦးကို ရွေးချယ်ခဲ့ပြီး ဗကသ အဖွဲ့ဝင် ကိုမင်းသွေးသစ် အပါအဝင် ၉၆ ၉၈ နဲ့ ၂၀ဝ၇ မျိုးဆက် နိုင်ငံရေးအကျဉ်းသားဟောင်းတွေလည်း ပါဝင်လာတယ်လို့ ဦးတင်မောင်ဦးက ပြောပါတယ်။

ဒီအဖွဲ့ရဲ့ အလုပ်အမှုဆောင် ကော်မတီ လူစာရင်းမှာ ယခင်က အများအားဖြင့် ၇၄၊ ၇၅၊ ၇၆ နဲ့ ၈၈ မျိုးဆက် နိုင်ငံရေး အကျဉ်းသားဟောင်းတွေပဲ ပါဝင်ခဲ့ပြီး ဒီကော်မတီကို ရွေးချယ်တဲ့နေရာမှာ ကော်မတီဝင် အဖြစ်က နုတ်ထွက်ပြီးမှ အရွေးခံတဲ့ အဆိုပြုလွှာတင်တဲ့ ထုံးစံရှိတယ်လို့လည်း သူက ပြောပါတယ်။

ဒီညီလာခံမှာ လက်ရှိ နိုင်ငံရေး အကျဉ်းသား ၈၆ ဦးနဲ့ အမှု ရင်ဆိုင်နေရသူ ၂၀ဝ ကျော် အပါအဝင် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ကြုံနေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

လောလောဆယ်မှာ အဖွဲ့အနေနဲ့ နိုင်ငံရေး အကျဉ်းသားနဲ့ မိသားစုဝင်တွေ ကြုံရတဲ့ ဒုက္ခတွေကို ပြန်လည် ကုစားပေးမယ့် ဥပဒေတရပ် ပေါ်ပေါက်လာအောင် ကြိုးစားနေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဘဝက အရင်ကထက် တိုးတက်လာမှုမရှိပဲ ကူညီရတဲ့ အရေအတွက်နဲ့ အကူအညီ မမျှတတာတွေလည်း ဖြစ်နေတဲ့အတွက် ဒါတွေကို ကူညီဖို့ အစိုးရက ဦးဆောင်ဖို့လိုတယ်လို့ သူက ပြောပါတယ်။

လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အတွက်လည်း အသက်မွေးဝမ်းကျောင်း ပြဿနာနဲ့ ထောင်ထဲမှာ ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် ကျန်းမာရေး ချို့တဲ့မှုနဲ့ အရွယ်မတိုင်ခင် သေဆုံးမှုတွေ ရှိနေပါတယ်။

နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ဖို့ ကိစ္စဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးမှာ အရေးပါတဲ့ အတွက် အစိုးရအပါအဝင် အားလုံးက ကူညီပေးကြဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ရဲ့ လက်ရှိ အဖွဲ့ဝင် ဦးရေကတော့ ၄၀ဝ လောက် ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ