ဒေါ်အောင်ဆန်းစုကြည် အမျိုးသမီးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ

  • 6 မတ် 2017
ဓာတ်ပုံ မူပိုင် HEIN HTET
Image caption ငြိမ်းချမ်းရေးအတွက် ဘယ်လို ပါဝင်ကူညီနိုင်မလဲဆိုတာကို ဆွေးနွေးခဲ့ကြ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့အမျိုးသမီးထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ စကားဝိုင်းကို ဒီကနေ့နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

ဒီစကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသမီး လုပ်ငန်းရှင်တွေ အနေနဲ့ ငြိမ်းချမ်းရေးကို ဘယ်လို ကူညီနိုင်မလဲဆိုတာ စဉ်းစားပေးဖို့ ဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေးနွေးချက်ပတ်သက်လို့ အကြံပြု ဆွေးနွေးသူ တစ်ဦးဖြစ်တဲ့ ရန်ကုန်က SSC ဆေးရုံ ဥက္ကဌ ဒေါက်တာ ဌေးဌေးကြည်က ကျေးလက်မှာ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ တိုးတက်အောင်လုပ်ပေးရင် မိခင်လောင်းတွေလည်း ပညာတတ်လာပြီး သားသမီးတွေကို ပြစုစောင့်ရှောက်နိုင်စွမ်း မြင့်လာမယ်၊ အဲဒီကနေ ငြိမ်းချမ်းရေးအတွက် ပါဝင်ဆောင်ရွက်လာနိုင်မယ်လို့ ပြောသွားပါတယ်။

Sunflower ကုမ္ပဏီအကြီးအကဲ ဒေါ်ဖြူအိသိန်းကတော့ စစ်ဘေးရှောင်စခန်းမှာ ရှိနေတဲ့ အမျိုးသမီးတွေကို အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ပညာရပ်တွေ သင်ပေးပြီး သူတို့တွေရဲ့ ကိုယ်ပိုင်ဝင်ငွေရဖို့ လုပ်ဆောင် သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အခုလို တင်ပြချက်တွေနဲ့ပတ်သက်လိုဒေါ်အောင်ဆန်းစုကြည်က ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဝန်ထမ်း ဝန်ကြီးဌာနတွေက လုပ်ဆောင်ချက်တွေကို လေ့လာပြီး စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ဘယ်လို ပံ့ပိုးပေးမလဲ ဆိုတာကို စဉ်းစားကြဖို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

တိကျတဲ့ လုပ်ငန်းစဉ်မကြားခဲ့ရ

အခုဆွေးနွေးပွဲကနေ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘယ်သူတွေက ဘာလုပ်ပေးမယ်ဆိုတဲ့ တိကျတဲ့ လုပ်ငန်းစဉ်မျိုးတော့ မကြားခဲ့ရပါဘူးလို့ ငြိမ်းချမ်းရေးနဲ့ ဒုက္ခသည် ကူညီရေးတွေ လုပ်နေတဲ့ ကချင်တိုင်ရင်းသူ ဒေါ်မေစပယ်ဖြူက ပြောပါတယ်။

လုပ်ငန်းရှင်တွေဘက်ကလည်း စီးပွားရေးလုပ်ဖို့ ခက်နေစေတဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်း တွေကို ဖြေလျော့ပေးဖို့၊ အမျိုးသမီးတွေ စီးပွားရေး လုပ်နိုင်အောင် နေ့ကလေးထိန်း ကျောင်းတွေ ပိုပြီးဖွင့်လှစ်ပေးဖို့ နဲ့ ကျေးလက်က အမျိုးသမီးတွေအတွက် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ သင်တန်းကျောင်းတွေ ဖွင့်လှစ်ပေးဖို့တင်ပြခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပွဲတက်ရောက်ခဲ့သူတွေအထဲမှာ KBZ ကုမ္ပဏီအုပ်စုက ဖွင့် ထားတဲ့ အနာဂတ်အလင်းတန်းဖောင်ဒေးရှင်း ဥက္ကဌ ဒေါ်နန်းလိုင်ခန်း စီတီးမတ် ကုမ္ပဏီ အကြီးအကဲ ဒေါ်ဝင်းဝင်းတင့်၊ ပင်လုံဆေးရုံဥက္ကဌ၊ SSC ဆေးရုံဥက္ကဌ၊ Sunflower ကုမ္ပဏီ အကြီးအကဲတို့ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ လစဉ်ကဏ္ဍအသီးသီးက လူတွေနဲ့တွေ့ဆုံ ဆွေးနွေးတဲ့စကားဝိုင်းလုပ်ဖို့ မူဝါဒ ချမှတ်ထားတဲ့အတိုင်း ဒီလမှာတော့ အမျိုးသမီး လုပ်ငန်းရှင်တွေနဲ့ စကားဝိုင်းကိုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။