လောက်ကိုင်ကို မြောက်ပိုင်းမဟာမိတ် တိုက်ခိုက်

  • 6 မတ် 2017
ဓာတ်ပုံ မူပိုင် AP
Image caption ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင်

ရှမ်းပြည် အရှေ့ မြောက်ပိုင်း လောက်ကိုင် မြို့ကို MNDAA ကိုးကန့် လက်နက်ကိုင် တပ်တွေက တနင်္လာနေ့ မနက် အစောပိုင်းက ဝင်ရောက် ပစ်ခတ် တိုက်ခိုက် ခဲ့လို့ သေဆုံး ဒဏ်ရာ ရမှုတွေ ရှိခဲ့ ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ရုံးရဲ့ ထုတ်ပြန်ချက် မှာတော့ ကျောင်းဆရာမ တစ်ယောက် အပါ အဝင် အရပ်သား ငါးဦး၊ ရဲ ငါးဦးတို့ သေဆုံးပြီး သူပုန်တွေ ဘက်က ၂၀ သေဆုံး တယ်လို့ ဆိုပါတယ်။

တိုက်ပွဲ ကတော့ ညနေစောင်း အထိ ဆက်ဖြစ် နေပြီး ဒေသခံတွေ စစ်ဘေး လွတ်ရာ တရုတ်ပြည် ဘက်ခြမ်းကို ရာနဲ့ချီပြီး တိမ်းရှောင် နေကြ ရပါတယ်။ တရုတ်ဘက် ကလည်း တရုတ် မြန်မာ နယ်စပ်မှာ လုံခြုံရေးတွေ ချထား ပါတယ်။

မြောက်ပိုင်း မဟာမိတ် အဖွဲ့ ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်း တပ်မတော်က အဲဒီ ဒေသမှာ ထိုးစစ်ဆင် မှုတွေ ရှိခဲ့တာ ကြောင့် ဒါကို တုံ့ပြန်တဲ့ အနေနဲ့ အားလုံး ဆုံးဖြတ်ချက်နဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ကိုးကန့်နဲ့ AA ရခိုင်တပ် တွေက အဓိက တိုက်ခိုက်တာ ဖြစ်တယ်လို့ တအာင်း ပလောင် အဖွဲ့ TNLA ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောပါတယ်။

အစိုးရ တပ်မတော် ဘက်ကလည်း ကိုးကန့် ၂၁၁ တပ်မဟာ ဘက်က ကုန်းတွေကို သိမ်းယူ နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက် နေတယ် လို့ တာဘုန်းကျော်က ပြောပါတယ်။

မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ရပ်ရေး လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်သား ကိုယ်စားလှယ် အဖွဲ့ DPN နဲ့ တွေ့ ဆုံ ဆွေးနွေး မှုတွေ ရှိခဲ့ ပေမယ့်လည်း လက်တွေ့ ရှေ့ဆက် နိုင်မယ့် အနေ အထား မရှိ နိုင်ဘူးလို့ သူက ပြောပါတယ်။

မြန်မာ့ တပ်မတော် ဗိုလ်ချုပ်ကြီး မြထွန်းဦးက မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ MNDAA ၊ AA နဲ့ TNLA ၃ ဖွဲ့ကို ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင် ခွင့် မပေး ဘူးလို့ မကြာသေးခင်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့တဲ့ အတွက် တိုက်ပွဲ တွေ ဆက်ရှိ နေဦးမှာ ဖြစ်တယ်လို့ တာဘုန်းကျော် က ပြောပါ တယ်။

မြောက်ပိုင်း မဟာမိတ် အဖွဲ့ကို KIA ကချင်၊ MNDAA ကိုးကန့်၊ AA ရခိုင် နဲ့ TNLA တအာင်း ပလောင် တပ်ဖွဲ့ တွေနဲ့ တပ်ပေါင်းစု ဖွဲ့ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ