ပြည်ဝင်ခွင့် ပိတ်ပင်မိန့်သစ် သမ္မတ ထရမ့် ထုတ်ပြန်

  • 7 မတ် 2017
ဓာတ်ပုံ မူပိုင် twitter
Image caption သမ္မတထရမ့်ရဲ့ အမိန့်သစ်ထဲမှာ မွတ်ဆလင်နိုင်ငံ ၆နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်

အမေရိကန် သမ္မတ ထရမ့်က မွတ်ဆလင်တွေ အများစု နေထိုင်တဲ့ နိုင်ငံ ၆နိုင်ငံက လာသူတွေကို အမေရိကန်နိုင်ငံထဲ ဝင်ခွင့် ရက်၉၀ ပိတ်ပင်တဲ့ ကန့်သတ်မိန့်သစ်ကို သမ္မတ လုပ်ပိုင်ခွင့်အာဏာနဲ့ လက်မှတ်ရေးထို ထုတ်ပြန်လိုက်ပါတယ်။

တရားရုံးတွေက ပယ်ချလိုက်တဲ့ သူ့ရဲ့ မူလ အမိန့်ထဲမှာတော့ နိုင်ငံ၇နိုင်ငံလို့ ဖေါ်ပြခဲ့ပါတယ်။

ဒါပေမယ့် နောက်ထပ် စိစစ်မှုတွေကို သဘောတူခဲ့အပြီး အီရတ်နိုင်ငံကို စာရင်းထဲကနေ ပယ်ဖျက်လိုက်ပါတယ်။

ခရစ်ယာန် ဒုက္ခသည်တွေကို မျက်နှာသာပေးတဲ့ အချက်မျိုးလို အရင်အမိန့်ထဲမှာ ပါတဲ့ အခြေအတင် အငြင်းပွားစရာ အချက်အများစုကိုလည်း ပယ်ဖျက်လိုက်ပါတယ်။

အခု အမိန့်သစ်မှာ ဆီးရီးယား ဒုက္ခသည်တွေကို အကန့်အသတ်မရှိ ပိတ်ပင်ထားတယ် ဆိုတဲ့ အချက်ကိုလည်း ပယ်ဖျက်လိုက်ပြီး ဒီအမိန့်ကို လာမယ့် သီတင်းနှစ်ပတ်အတွင်း အဆင့်ဆင့် အကောင်အထည်ဖေါ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြည်နယ် ရှေ့နေချုပ် အတော်များများကတော့ ဒီအမိန့်သစ်ကို ကန့်ကွက်နိုင်မလားဆိုတာ သူတို့ သုံးသပ်မယ်လို့ ပြောပါတယ်။

သမ္မတ ထရမ့်ရဲ့ အမိန့်သစ်ထဲမှာ ပါတဲ့ နိုင်ငံတွေက အီရန်၊ ဆူဒန်၊ ဆီးရီးယား၊ လစ်ဗျား၊ ဆိုမားလီးယားနဲ့ ယီမင် နိုင်ငံတွေ ဖြစ်ပါတယ်။

အမေရိကန် ရှေ့နေချုပ် Jeff Sessions က အဲဒီ့ထဲက ၃နိုင်ငံဟာ အကြမ်းဖက်ဝါဒကို ဦးစီးဦးဆောင် လုပ်ပေးနေတဲ့ နိုင်ငံတွေ ဖြစ်တယ် ဆိုပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ကျန်တဲ့ ၃နိုင်ငံကလည်း အကြမ်းဖက်နိုင်ငံတွေအတွက် ခိုလှုံခွင့် ပြုနေတဲ့ နိုင်ငံတွေ ဖြစ်ပြီး အဲဒီ နိုင်ငံအစိုးရတွေက သူတို့ရဲ့ ပိုင်နက်နယ်မြေတွေကို IS လက်နက်ကိုင်အုပ်စု ဒါမှမဟုတ် အယ်လ်ကိုင်ဒါ အဖွဲ့လို လက်နက်ကိုင်အုပ်စုတွေထံ လက်လွှတ်ဆုံးရှုံးသွားခဲ့ပြီလို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ