တရားရေး ကဏ္ဍ တည့်မတ်ရေး အဆို လွှတ်တော် အတည်ပြု

  • 7 မတ် 2017
Image caption တရားမဏ္ဍိုင်နဲ့ ဥပဒေပြု ရေး မဏ္ဍိုင်တို့ကြား ပထမဆုံး အကြိမ် ထိပ်တိုက် တွေ့။

တရားစီရင်ရေး ကဏ္ဍ တိမ်းစောင်းနေမှု ပြန်လည် တည့်မတ်နိုင်ရေး ပြည်ထောင်စု တရားလွှတ်တော်ချုပ် အားတိုက်တွန်းကြောင်း အဆိုကို ပြည်သူ လွှတ်တော်က မတ်လ ၇ ရက် နေ့မှာ အတည်ပြု လိုက်ပါတယ်။

အဲဒီ အဆိုကို NLD ပါတီ ဝေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေးက တင်သွင်းခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် ၂၅ ဦးက ထောက်ခံ ဆွေးနွေးခဲ့တာပါ။

ဒီလို လွှတ်တော်ထဲ ဆွေးနွေး လာတဲ့ အတွက် ဒါဟာ တရားမဏ္ဍိုင်နဲ့ ဥပဒေပြု ရေး မဏ္ဍိုင်တို့ကြား ပထမဆုံးအကြိမ် ထိပ်တိုက် တွေ့လာတာ ဖြစ်ပါတယ်။

အစိုးရသစ် တာဝန်ယူတာ တနှစ်ပြည်တဲ့ အချိန် ရောက်လာ ပေမယ့် တရားရေးမဏ္ဍိုင်မှာ အပြောင်းအလဲတွေ မရှိပဲ အရင်ကလိုပဲ တိမ်းစောင်းတာတွေ ဆက်လက် ရှိနေတဲ့ အတွက် ဒီအဆိုကို တင်ရတာ ဖြစ်တယ်လို့ အဆိုရှင် ဦးတင်ထွေးက ဘီဘီစီကို ပြောပါတယ်။

သူ့ရဲ့ မဲဆန္ဒနယ်မှာ ရှိတဲ့ ပြည်သူလူထုတွေ ကိုယ်တိုင် ကြုံတွေ့ နေရတာတွေ အပါအဝင် လွှတ်တော် ကော်မတီတွေကို ပေးပို့လာတဲ့ တိုင်စာတွေ အပေါ် အခြေခံပြီး လွှတ်တော်တွင်း ပြောဆို ဆွေးနွေး ခဲ့တယ်လို့ ဦးတင်ထွေးက ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီးချုပ်ကို အသက် ၇ဝ ထိ တာဝန် ထမ်းဆောင် နိုင်တယ်လို့ သတ်မှတ် ထားတဲ့အတွက်၊ အစိုးရ အပြောင်းအလဲ ဖြစ်လာ ခဲ့ပေမယ့်လည်း အစိုးရသစ် အနေနဲ့ တရားသူကြီးချုပ် ခန့်ထားလို့ မရ ဖြစ်နေပါတယ်။

တရားရေးမဏ္ဍိုင် တိမ်းစောင်းနေတယ် ဆိုတာ စွပ်စွဲမှုသာ ဖြစ်တယ်လို့ ပြည်တောင်စု တရားလွှတ်တော် တရားသူကြီး အဖွဲ့ဝင် ဦးစိုးညွန့်က လွှတ်တော်ထဲ လာရောက် ဖြေရှင်း ခဲ့ပြီး၊ ဒီအဆိုကို အတည်မပြုပဲ မှတ်တမ်း အဖြစ်သာ ထားရှိဖို့ ပြောဆို ခဲ့ပေမယ့်လည်း မဲခွဲ ဆုံးဖြတ် ရာမှာတော့ အဆိုဟာ အတည် ဖြစ်သွားခဲ့ပါတယ်။

အခုလို အဆိုကိုအတည် ပြုလိုက်တဲ့ အတွက် ဥပဒေပြုရေး မဏ္ဍိုင် ဖြစ်တဲ့ လွှတ်တော် အနေနဲ့ တရားရေးမဏ္ဍိုင်ကို စောင့်ကြည့် သွားမှာ ဖြစ်ပြီး၊ ဥပဒေနဲ့ မညီတာတွေ တွေ့ရှိလာရင် စီစစ် အရေးယူ ဆောင်ရွက်လာနိုင်ဖွယ် ရှိပါတယ်။