ဖက်ဒရယ်ကို လက်တွေ့ ဖော်ဆောင်နိုင်တာ NCA လို့ သမ္မတရုံး ပြောခွင့်ရက ဆို

  • 7 မတ် 2017
Image caption တပ်မတော်ရဲ့ ကတိကဝတ် ရှိနေတဲ့ NCA ပဲ ဖြစ်တယ်

လက်နက်ကိုင် အဖွဲ့တွေနဲ့ နိုင်ငံရေး အရ တွေ့ဆုံ စကား ပြောပွဲတွေ ပြုလုပ်ဖို့ အမြဲတမ်း တံခါး ဖွင့်ထားတယ် ဆိုပြီး သမ္မတ ရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့ တိုက်ပွဲတွေ ပြန်လည် ပေါ်ပေါက် လာတာနဲ့ ပတ်သက်ပြီး ဘီဘီစီက မေးမြန်းတာကို ဦးဇော်ဌေးက ဖြေဆို ခဲ့တာ ဖြစ်ပါတယ်။

လောက်ကိုင်မြို့ကို တိုက်ခိုက် လာပြန်တဲ့ ကိုးကန့်တပ် MNDAA အပါအဝင် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့လို့ ခေါ်ဝေါ် နေတဲ့ ကိုးကန့် MNDAA၊ တအာင်းပလောင် TNLA နဲ့ ရခိုင်တပ် AA တို့ကို တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA နဲ့ ပတ်သက်ပြီး သီးခြား စဉ်းစား မပေး နိုင်ဘူး ဆိုပြီး တပ်မတော် ဘက်ကတော့ ပြောထားပါတယ်။

မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ဆောင်ရွက် လာတဲ့ အခါ အဲဒီ့ အဖွဲ့တွေကိုပါ ပါဝင် ခွင့်ရလာအောင် အစိုးရ ဘက်ကတော့ ကြိုးစား ဆောင်ရွက် နေတယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

တိုက်ပွဲတွေ ဖြစ်လာတဲ့ အခါအစိုးရ စစ်တပ်နဲ့ လက်နက်ကိုင် အဖွဲ့တွေဟာ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် စွပ်စွဲတာ တွေ ပြုလုပ် မြဲ ဖြစ်တယ်လို့ ဦးဇော်ဌေးက ထောက်ပြ ပါတယ်။

ဒါ့ကြောင့် အပစ်ရပ်ရေး သဘောတူမှု ရရှိ လာအောင်နဲ့ အပစ်ရပ်နောက်ပိုင်း ဆက်လက် စောင့်ကြည့်ရေး ယန္တရားတွေ ခိုင်မာလာအောင် NCA စာချူပ်ကို ဖန်တီး လာခဲ့ ရတာ ဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ဆိုပါတယ်။

တပ်မတော် အနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ တွေကနေ တဆင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုတာကို လက်ခံ နှင့်ပြီး ဖြစ်တယ်လို့ NCA စာချုပ် ကို ညွှန်းဆိုပြီး ဦးဇော်ဌေးက ဆိုပါတယ်။

ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကို လက်တွေ့ကျကျ အကောင်အထည် ဖော် နိုင်ဖို့ ဆိုရင် တပ်မတော်ရဲ့ ကတိကဝတ် ရှိနေတဲ့ NCA ပဲ ဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ