မြန်မာနောင်း သတင်းထောက်ချုပ်ကို ပုဒ်မ၆၆ဃနဲ့ အမှုဖွင့်

  • 8 မတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဦးကိုနီကို လုပ်ကြံသူတွေကို ကျေးဇူးတင်ကြောင်း ဦးဝီရသူက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးခဲ့

ဖေ့စ်ဘွတ် ပေါ်က ဘကောင်း အမည်နဲ့ အကောင့်ပိုင်ရှင် မြန်မာနောင်း သတင်းထောက်ချုပ် ကိုဆွေ၀င်းကို မန္တလေး တိုင်းဒေသကြီး အမှတ် ၆၅၀ ဟေမ မာလာမြောက် အရပ် မဟာအောင်မြေ မြို့နယ်နေ ကိုကျော်မျိုးရွှေ ဆိုသူက ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃနဲ့ အမှုဖွင့်လိုက်ပါတယ်။

ဘကောင်း အကောင့်မှာ ဆရာတော် ဦးဝီရသူနဲ့ ပတ်သက်ပြီး ရေးထားတဲ့ အကြောင်းအရာ တွေကြောင့် တရားစွဲဆိုခဲ့တာလို့ မန္တလေး အမှတ် ၇ ရဲစခန်းက တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။

ကိုကျော်မျိုးရွှေရဲ့ တိုင်ချက်ဖွင့်စာမှာတော့ ဆရာတော်ဦးဝီရသူက ကိုဆွေဝင်းကို အဲဒီလို ရေးသားမှုနှင့် ပတ်သက်ပြီး ၇ ရက်အတွင်း တောင်းပန်ဖို့၊ မတောင်းပန်ပါက တရားစွဲမယ်လို့ ဖေ့စ်ဘွတ်ကတဆင့် အသိပေးခဲ့ကြောင်းနဲ့ မတောင်းပန်တဲ့အတွက် အခုလို တရားစွဲဖို့ သူ့ကို ညွှန်ကြားခဲ့တာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အမှုဖွင့်ခံရသူ သတင်းထောက် ကိုဆွေဝင်းကတော့ ဒီအမှုနဲ့ ပတ်သက်လို့ ရဲက သူ့ကို တရားဝင် အကြောင်းကြားတာမျိုး မရှိသေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဦးကိုနီကို လုပ်ကြံသူတွေကို ကျေးဇူးတင်ကြောင်း၊ ဒီရာဇဝတ်မှုကို ထောက်ခံကြောင်း ဦးဝီရသူက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးခဲ့တာကို ကိုဆွေဝင်းက သတင်းပြန်ရေးခဲ့ပြီး ဦးဝီရသူရဲ့ ပြောဆိုမှုဟာ ပါရာဇိက ကျသွားပြီ ဆိုတဲ့ ရွှေဝါရောင် တော်လှန်ရေးမှာ ပါခဲ့တဲ့ ဆရာတော်တပါးရဲ့ မိန့်ဆိုချက်ကို ကိုဆွေဝင်းရဲ့ ဖေ့စ်ဘွတ်မှာ ပြန်ဝေမျှခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို တရားစွဲဆို အမှုဖွင့်တာဟာ ဦးကိုနီအကြောင်း စုံစမ်းစစ်ဆေးနေမှု သတင်းစာ ရှင်းလင်းပွဲမှာ တုန်းက ဒီအမှုမှာ ပါဝင် ပတ်သက်သူတချို့နဲ့ မဘသ ဆရာတော်တွေ အချိတ်အဆက် ရှိသလား ဆိုပြီး သက်ဆိုင်ရာ ပြည်ထဲရေး ဝန်ကြီးကို သူမေးမြန်းခဲ့တာနဲ့ ပတ်သက်လို့ မဘသ ထောက်ခံသူတွေက မကျေမနပ် ဖြစ်ပြီး ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ရေးသားနေတာတွေ ရှိနေပြီး ဒါတွေရဲ့ အကျိုးဆက်လို့ မြင်ကြောင်း မြန်မာနောင်း သတင်းထောက်ချုပ် ကိုဆွေဝင်းက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ