ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲ ပိုမို ပါဝင်ဖို့ အမျိုးသမီးတွေကို ဒေါ်စု တိုက်တွန်း

  • 8 မတ် 2017
Image caption ငြိမ်းချမ်းရေး အတွက် ဦးစားပေး ပြောဆို

ဒီကနေ့ မတ်လ ၈ ရက်နေ့ ဟာ အမျိုးသမီး အခွင့်အရေး အတွက် လှုပ်ရှား ရုန်းကန် ခဲ့ကြ ရတာ တွေရဲ့ အထိမ်းအမှတ် အဖြစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အဖြစ် သတ်မှတ် ထားတဲ့ နေ့ ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး ကဏ္ဍမှာ အမျိုးသမီး တွေ အမျိုးသားတွေနဲ့ ဆတူ ပါဝင် နေကြသလို၊ မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာလည်း အမျိုးသမီးတွေရဲ့ ပါဝင် ပတ်သက်မှု ၅ဝ% အထိ ရှိလာအောင် လုပ်ဆောင်ကြဖို့ တိုက်တွန်း ခဲ့ပါတယ်။

ဒါပေမယ့်လည်း အစည်းအဝေး ခန်းထဲ ရောက်လာမှ ပါဝင်တာလို့ မယူဆကြပဲ၊ စိတ်နှလုံးသားနဲ့ ဦးနှောက်တွေကို ငြိမ်းချမ်းရေး အတွက် စတင် အသုံးချကြပါ ဆိုပြီးတော့လည်း အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆိုပါတယ်။

လောလောဆယ် အခြေအနေကိုကြည့်ရင် အစိုးရရော လက်နက်ကိုင် အဖွဲ့တွေ ထဲမှာပါ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲ ပါဝင် ပတ်သက်နေတဲ့ အမျိုးသမီးတွေရဲ့ ရာခိုင်နှုန်း အချိုးအစား အင်မတန် နည်းနေတာ တွေ့ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အပြည်ပြည် ဆိုင်ရာ အမျိုးသမီးနေ့ကို "၂၀၃ဝ အမီ ကမ္ဘာကြီးကို ပြောင်းလဲဖို့ အမျိုးသမီးများရဲ့ စီးပွားရေး စွမ်းဆောင်မှုကို မြှင့်တင်စို့" ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတာ ဖြစ်ပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ငြိမ်းချမ်းရေး အတွက် ဦးစားပေး ပြောဆို နေတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေ ပါဝင် စေချင်တယ် ဆိုရင် ပါဝင်လာနိုင်ဖို့ အခွင့်အလမ်းတွေကို အစိုးရဘက်ကလည်း ဖန်တီးပေးဖို့ လိုအပ်တယ် ဆိုပြီး အမျိုးသမီး တက်ကြွလှုပ်ရှားသူ တချို့က ပြောပါတယ်။