ကိုဆွေဝင်း အမှု ၆၆ ဃ မြောက်သလား ရဲစခန်း ဆန်းစစ်နေ

  • 8 မတ် 2017
Image caption တောင်းပန်တာမျိုး လုပ်မှာ မဟုတ်ဘူး ဆိုပြီး ကိုဆွေဝင်း ပြော

Myanmar Now သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)နဲ့ အမှု ဖွင့်ရတာဟာ အမျိုးသားရေး ဆရာတော် ဦးဝီရသူ ဟာ ရဟန်းသံဃာ အဖြစ် ပြန် မရောက် နိုင်တော့တဲ့ ပါရာဇိကကံ ကျပြီး ဖြစ်သူလို့ စွပ်စွဲ ရေးသား ခဲ့တဲ့ အတွက် ဖြစ်တယ်လို့ အမှုဖွင့် တိုင်ကြားသူက ဘီဘီစီကို ပြောပါတယ်။

ဆရာတော်ကို လာပြီး တောင်းပန်ရင် ကျေအေး ပေးမယ်လို့ ရည်ရွယ် ထားပေမယ့် ကိုဆွေဝင်း ဘက်ကလည်း သူ ရေးသား ထားတာတွေ အပေါ် ဆက်လက် ရပ်တည်ပြီး ဥပဒေကြောင်း အရ ဆက်လက် ရင်ဆိုင် သွားမယ် ဆိုတဲ့ သဘောထားမျိုး တွေ ရေးသား နေတဲ့ အတွက် အမှု ဖွင့်ရတဲ့ အထိ ဖြစ်လာစေတာလို့ အထက် မြန်မာပြည် ဝံသာနု အားမာန်အဖွဲ့ ဦးဆောင်သူ ဦးကျော်မျိုးရွှေက ဆိုပါတယ်။

အမှု တိုင်ကြားထားတဲ့ မန္တလေး ရဲစခန်း ကတော့ ၆၆(ဃ) ပုဒ်မြောက် သလားဆိုတာ ဆုံးဖြတ်နိုင်ဖို့ ဥပဒေကြောင်း အရ ဆန်းစစ်တာတွေ ပြုလုပ် နေဆဲ ဖြစ်ပြီး အမှုကို လက်ခံမလား၊ လက်မခံ ဘူးလားဆိုတာ မဆုံးဖြတ် သေးပါဘူး။

ကိုဆွေဝင်းကလည်း သူ့ကို ဘယ်ရဲစခန်းကမှ အကြောင်း ကြားလာတာ မရှိသေး သလို၊ သူ့အနေနဲ့ ဘာသာ သာသနာ အတွက် အဖြစ်မှန်ကို ရေးတာ ဖြစ်လို့ တောင်းပန်တာမျိုး လုပ်မှာ မဟုတ်ဘူး ဆိုပြီး ဘီဘီစီကို ပြောပါတယ်။