မြန်မာ အမျိုးသမီးတွေ အိမ်တွင်း အကြမ်းဖက် ခံရမှု ပိုများလာ

  • 8 မတ် 2017
ဓာတ်ပုံ မူပိုင် Burma Partnership
Image caption မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်သူများ အဖွဲ့ရဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ လှုပ်ရှားမှု ကျင်းပခဲ့စဉ်

မြန်မာနိုင်ငံ နယ်စပ် ဒေသတွေမှာ ဖြစ်ပွားနေတဲ့ စစ်မက် ဆိုးကျိုး တွေ၊ နိုင်ငံ တလွှားက အလုပ်လက်မဲ့ ပြဿနာ၊ မူးယစ်ဆေး ကျယ်ကျယ်ပြန့်ပြန့် ရောင်း၀ယ်မှုနဲ့ တခြား လူမှုဒုက္ခ တွေကြောင့် အမျိုးသမီးတွေရဲ့ ဘ၀လုံခြုံမှု ကင်းမဲ့လာနေပြီး အိမ်တွင်း အကြမ်းဖက်မှုဒဏ် ပိုမို ဆိုးဆိုးရွားရွား ခံလာရတယ်လို့ မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အိမ်တွင်း အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ အမျိုးသမီး ရေးရာ အဖွဲ့တွေဆီ တိုင်ကြားလာတာ တနေ့ကို လေးမှုလောက် ရှိပြီး တိုင်းရင်းသား ဒေသတွေမှာ ပိုအဖြစ်များလာတာ တွေ့ရတယ်လို့ မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ် မူဝါဒ ရေးရာ ဦးဆောင် အဖွဲ့၀င် လည်းဖြစ် ၊ ရခိုင် အမျိုးသမီး များ အစည်းအရုံး ရဲ့ ဒုဥက္ကဌ ဒေါ်စောစံ ငြိမ်းသူ က ပြောပါတယ်။

အိမ်တွင်း အကြမ်းဖက်မှုလို့ ဆိုရာမှာ မူးယစ် သောက်စားပြီး ဇနီးလုပ်သူကို ရိုက်နှက်တာ ၊ ရှာဖွေလို့ရတဲ့ ၀င်ငွေကို အမျိုးသမီးဆီ မပေးဘဲ ဇနီးသည် ရှာထားတဲ့ ပိုက်ဆံကို လုယူတာ ၊ မယားကြီး အိမ်ထောင် ရှိရဲ့သားနဲ့ ဒါကို ကွာရှင်းမှု မပြုဘဲ နောက်အိမ်ထောင် ထပ်ယူတာ ၊ ကာမ လိမ်လည် လှည့်ဖျား ရယူတာ ၊ ဇနီးလုပ်သူကို ကြိမ်းမောင်း ရိုက်နှက် တာတွေက အိမ်တွင်း အကြမ်းဖက်မှု မြောက်စေတဲ့ အရာတွေ ဖြစ်ပါတယ်။

လက်ရှိတော့ အမျိုးသမီး အဖွဲ့တွေ အနေနဲ့ ဒီလို အိမ်တွင်း အကြမ်းဖက်မှုတွေကို ကိုင်တွယ် ဖြေရှင်းရာမှာ အမျိုးသားကို ခေါ်ယူ ဆွေးနွေး ဖြေရှင်းရတဲ့ နေရာမှာ အားနည်းချက်တွေ ရှိနေပြီး ပြဌာန်း ဥပဒေတွေကလည်း အားနည်း သလို အိမ်တွင်း အကြမ်းဖက်မှု ချိုးဖောက်တဲ့ အမျိုးသားတွေ အပေါ် အရေးယူ ဆောင်ရွက်မှုတွေက အားမကောင်းတဲ့ အတွက် အမျိုးသမီးတွေ အပေါ် အိမ်တွင်း အကြမ်းဖက်မှု ပိုမို ဆိုးရွားလာနေတာ ဖြစ်တယ်လို့ ဒေါ်စောစံငြိမ်းသူက ဆိုပါတယ်။

ဒါတွေကို လျော့ချနိုင်ဖို့ ဥပဒေ စိုးမိုးရေး ပိုမို လုပ်ဆောင်ရမှာ ဖြစ်သလို ရှိပြီးသား ဥပဒေတွေ အသက်ဝင်အောင် လုပ်ဖို့လည်း လိုတဲ့အပြင် အမျိုးသမီး တွေ အပေါ် အကြမ်းဖက်မှုတွေ နည်းလာအောင် လူတွေရဲ့ အသိစိတ် ပြောင်းလဲလာစေမယ့် နည်းလမ်းတွေ ရှာဖွေ အကောင်အထည် ဖော်ဖို့ လိုတယ်လို့ အမျိုးသမီး အရေး လိုက်ပါဆောင်ရွက်သူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ