လောက်ကိုင် စစ်ပြေး ဒုက္ခသည်တွေ လားရှိုး ကို ရောက်လာနေ

  • 8 မတ် 2017
Image caption တပ်မတော် က ဘက်က ဆက်မနေဖို့သတိပေး နေတာတွေကြောင့် နောက်ထပ် လည်း ရာချီပြီး ထွက်ပြေး လာနေကြ

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ လောက်ကိုင် တဝိုက် ကတိုက်ပွဲတွေကြောင့် မြေပြန့်ကနေ အဲဒီမှာ အလုပ်သွားလုပ်သူတွေ ထွက်ပြေး လာကြတာမှာ လူဦးရေ ၁ထောင်ကျော်ခန့် ရှိခဲ့ပြီ ဖြစ်ပါတယ်။

တပ်မတော် က ဘက်က ဆက်မနေဖို့သတိပေး နေတာတွေကြောင့် နောက်ထပ် လည်း ရာချီပြီး ထွက်ပြေး လာနေကြပါတယ်။

စစ်ဘေးလွတ်ရာပြေးလာတဲ့ သူတွေကို လားရှိုးမြို့ မန်ဆူ ဘုန်းတော်ကြီး ကျောင်း ကနေ ခရီးတထောက် နားစေပြီး အကူအညီ ပေးနေပါတယ်။

လောက်ကိုင် ဒေသမှာ တိုက်ပွဲဖြစ်တဲ့ ၂ရက် အတွင်း လားရှိုးကိုထွက်ပြေးလာတဲ့ မြေပြန့် ကနေ အလုပ်သွားလုပ်သူ ၁ထောင်ကျော်ဟာ လားရှိုးကတဆင့် နေရပ်ရင်းကိုပြန်လာနေပါတယ်။

မတ်လ ၈ ရက်နေ့ ညနေပိုင်းက ၅၀၀လောက် လားရှိုးကို ရောက်လာပြီး ဒီထဲမှာ ရွေ့ပြောင်း လုပ်သားတွေ သာမက လောက်ကိုင် ဒေသခံတွေပါ ပါဝင်နေပါတယ်။

လောက်ကိုင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ အတွက် အိမ်ကိုပစ်ပြီး ဒီအတိုင်း ပြေးလာ ခဲ့ရတယ်လို့ မန်ဆူကျောင်း ကိုရောက်လာတဲ့ လောက်ကိုင် ဒေသခံ ဦးစန်းဌေး က ပြောပါတယ်။

ဒေသခံ မိသားစု ၂ခု ပထမဆုံးရောက်လာသလိုပဲ မကွေးတိုင်းနဲ့ မန္တလေး တိုင်းကို ပြန်မယ့် ကြံခုတ်လုပ်သား ၅၀၀ လောက်လည်း ညဦးပိုင်းမှာရောက်လာခဲ့ပါတယ်။

လောက်ကိုင်မှာ ဘယ်လို့မှ နေလို့ မဖြစ်တော့ ကြောင်း နဲ့ အသေမခံ နိုင်လို့ ထွက်ပြေး လာခဲ့တာ ဖြစ်ကြောင်း ကြံခုတ် သမား တစ်ဦး က ဘီဘီစီ ကို ပြောပြ ပါတယ်။

စစ်ဘေးရှောင် တွေ အတွက် အစားအသောက်တွေ၊ နေရာထိုင်ခင်း နဲ့ ကိုယ့် ဒေသ ဆီကို ပြန်ချင်တဲ့ လူတွေကို ကားစီစဉ် ပေး နေကြောင်း လားရှိုးမြို့ဝင် မန်ဆူ ဘုန်းကြီး ကျောင်းထဲမှာ ဆရာတော်နဲ့ အတူ အကူအညီ ပေးနေတဲ့ ဦးမောင်မောင်သန်း က ပြောပါတယ်။

စစ်ရှောင်ပြေးလာတဲ့ ထောင်ချီတဲ့ ဒုက္ခသည်တွေကို မန်ဆူဆရာတော်နဲ့အတူ အရပ်ဖက်နဲ့ အစိုးရအဖွဲ့တွေကလည်း ဝိုင်းကူနေတယ်လို့ ဦးမောင်မောင်သန်းက ပြောပါတယ်။

နောက်ရက်တွေမှာ တိုက်ပွဲတွေဆက်ဖြစ်ဦးမယ်ဆိုရင်တော့ ဒုက္ခသည်အရေအတွက် ထပ်တိုး လာနိုင်သေးတယ်လို့ လားရှိုး မြို့မှာ ကကူညီပေးနေသူတွေက ပြောကြား နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ