လိပ်ကျွန်း မြန်မာ လူငယ် နှစ်ဦးကို ယာယီ သံအမတ် သွားတွေ့

  • 8 မတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာ အစိုးရ အနေနဲ့ ဇော်လင်း နဲ့ ဝင်းဇော်ထွန်း တို့ နှစ်ယောက်ကို ကူညီ နေ

မတ်လ ၈ ရက်နေ့မှာ တုန်း က ကော့တောင် လိပ်ကျွန်း လူသတ်မှုမှာ သေဒဏ် အယူခံ ပယ်ချ ခံခဲ့ရတဲ့ ဇော်လင်း နဲ့ ဝင်းဇော်ထွန်း တို့ နှစ်ယောက်ကို ဘန်ကောက် ဗဟို ထောင်ကြီး မှာ မြန်မာ သံရုံးက ယာယီ သံအမတ် ခေါင်းဆောင်ပြီး သွားတွေ့ ခဲ့ပါတယ်။

ထိုင်းရှေ့နေများ ကောင်စီကလည်း ဒီအမှု အကြောင်း ကို သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

မြန်မာ အစိုးရ အနေနဲ့ ဇော်လင်း နဲ့ ဝင်းဇော်ထွန်း တို့ နှစ်ယောက်ကို ကူညီ နေတယ် ဆိုတဲ့ အကြောင်းတွေကို သိရှိအောင်လို့ သူတို့ကို သွားရောက် တွေ့ ဆုံ ခဲ့တာ ဖြစ်ကြောင်း မြန်မာ သံရုံးအဖွဲ့မှာ ပါဝင်တဲ့ ဦးထူးချစ်က ဘီဘီစီ ကို ပြောပါတယ်။

ဇော်လင်း နဲ့ ဝင်းဇော်ထွန်းတို့ ကလည်း သူတို့ဟာ အပြစ်ရှိတဲ့ လူတွေ မဟုတ်တဲ့ အတွက် နိုင်ငံတော် အစိုးရ အနေနဲ့ တတ် နိုင်သလောက် ကူညီပေးဖို့ တောင်းဆို ခဲ့တယ်လို့ ဦးထူးချစ် က ဆိုပါတယ်။

မြန်မာ လူငယ်နှစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျှက် ရှိပြီး ထောင် တရားပွဲတွေကို လည်း မှန်မှန် သွားနေကြတယ်လို့ သိရပါတယ်။

အစိုးရ အနေနဲ့ ဒီအမှုမှာ တတ်နိုင်သမျှ၊ လုပ်ပိုင်ခွင့် ရှိသမျှ ကူညီ သွားမယ် ဆိုပြီး နိုင်ငံတော် သမ္မတ ရုံး ပြောခွင့်ရ ဦးဇော်ဌေး က ပြောကြားထား ပါတယ်။

သေဒဏ် အမိန့်ချ ခံထားရတဲ့ မြန်မာ နိုင်ငံသား နှစ်ဦး ကိုလည်း ထိုင်းနိုင်ငံသား တွေလို သဘောထားပြီး အတတ် နိုင်ဆုံး ကူညီ ဆောင်ရွက် ပေးနေကြောင်း ထိုင်း ရှေ့နေ့များ ကောင်စီ က ပြောကြား ထားပါတယ်။

အခုအမှုကို လိုက်ပါ ဆောင်ရွက် ပေးနေတဲ့ ထိုင်းရှေ့နေများ ကောင်စီ နဲ့ ပူးပေါင်း ပြီး လိုအပ်တဲ့ ကိစ္စ မှန်သမျှ ကို မြန်မာ သံရုံး အနေနဲ့ လိုက်ပါကူညီ ဆောင်ရွက် ပေးသွားမှာ ဖြစ်ကြောင်း ဦးထူးချစ် က ပြောပါတယ်။

ထိုင်း အမှတ် (၈) အယူခံ ရုံးကနေ ပယ်ချ ခဲ့တဲ့ စာမျက်နှာ တစ်ရာကျော်ပါတဲ့ အစီရင်ခံစာ ကို ပြန်လည် လေ့လာ သုံးသပ် ပြင်ဆင်မှုတွေ ပြုလုပ်ပြီး လာမယ့် နှစ်လ ခွဲ သုံးလ အတွင်းမှာ ဗဟိုတရားရုံးကို အယူခံ ဝင်သွားမှာ ဖြစ်ပါတယ်။