UNFC ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိလာနိုင်

  • 9 မတ် 2017
ဓာတ်ပုံ မူပိုင် UNFC
Image caption ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ လက်ရှိ ဥက္ကဌ ဗိုလ်ချပ်ကြီး အင်ဘန်လ

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ဒုတိယ အကြိမ် ညီလာခံကို အခု မတ်လ နှစ်ဆယ်ရက် နောက်ပိုင်း လမကုန်ခင် ကျင်းပဖို့ ရှိပါတယ်။

လက်ရှိ အခြေအနေမှာ UNFC ဥက္ကဌ ရာထူးကို ကချင်လွတ်လပ်ရေး အဖွဲ့ KIO အကြီးအကဲ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ယူထားပေမယ့် လာမယ့် ညီလာခံမှာ ဖွဲ့စည်းပုံ အပြောင်းအလဲတွေ ရှိနိုင်တယ်လို့ UNFC ဒုတိယ ဥက္ကဌ နိုင်ဟံသာက ပြောပါတယ် ။

လာမယ့် ညီလာခံမှာ လုပ်ငန်းစဉ် ပြန်သုံးသပ်တာတွေ ၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ တာဝန်ခံသစ် ရွေးချယ်ရေး ကိစ္စတွေ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

အခုအခါ ကေအိုင်အိုနဲ့ အစိုးရ ကြား ညှိနှိုင်းနေရာမှာလည်း အမြင်နီးစပ်မှု ရှိလာတာ တွေ့ရတယ်လို့ နိုင်ဟံသာက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ကိုးကန့် တပ်ဖွဲ့ MNDAA ၊ ပလောင် လက်နက်ကိုင် တပ်ဖွဲ့ PSLF/TNLA တို့နဲ့ တပ်မတော်နဲ့ တိုက်ပွဲ ဖြစ်နေတာနဲ့ ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ခုခံတဲ့ အနေအထားမျိုးသာ ဖြစ်တယ်လို့ နိုင်ဟံသာက ပြောပါတယ်။

UNFC အနေနဲ့တော့ တပ်မတော်ဖက်က ထိုးစစ်တွေ ရပ်ဖို့ အသိပေး ပြောကြား သွားဖို့ ရှိပြီး နောက်တကြိမ် အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ တွေ့တဲ့အခါ ဒီကိစ္စကို ထည့်သွင်း ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ နိုင်ဟံသာက ဆိုပါတယ်။

UNFC ရဲ့ နိုင်ငံရေး ဆွေးနွေးမှု ကိုယ်စားလှယ် အဖွဲ့ DPN ကနေ အစိုးရဆီ တင်ပြထားတဲ့ နိုင်ငံရေး မူဘောင် ကိုးချက် ဟာလည်း မူအားဖြင့် သဘောတူညီမှု ရထားပြီး လိုအပ်ချက် တချို့ကို ညှိမယ် ၊ အားလုံး သဘောတူနိုင်တဲ့ အခါမှာ တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ် လက်မှတ်ထိုးသွားမှာ ဖြစ်တယ်လို့ နိုင်ဟံသာက ဆိုပါတယ်။

မူကိုးချက်မှာ ညှိဖို့ လိုနေတဲ့ အချက်တွေကတော့ သုံးပွင့်ဆိုင် ဖြစ်ရေး ၊ အားလုံးပါ၀င်ရေး နဲ့ JMC မှာ နိုင်ငံတကာ အဖွဲ့တွေ ပါ၀င်ရေး ဆိုတာတွေဘဲ ဖြစ်ပါတယ်။

UNFC ရဲ့ ဒုတိယ အကြိမ် ညီလာခံမှာ မူကိုးချက် အပြင် ငြိမ်းချမ်းရေး ဖြစ်စဉ် တခုလုံး ဆွေးနွေးသွားဖို့ကိုလည်း ပြင်ဆင်ထားကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ