ဘင်္ဂလားဒေ့ရှ် ဘက် ပြေးသွားသူတွေ ပြန်ဝင်လာလို့ သတင်းတွေထွက်ပေါ်

  • 9 မတ် 2017
ဓာတ်ပုံ မူပိုင် ALLISON JOYCE
Image caption ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ စခန်းတခု

၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ဖြစ်ပွား ခဲ့တဲ့ ရခိုင် ပြည်နယ် မောင်တော ဒေသ က နယ်ခြားစောင့် စခန်းတွေ တိုက်ခိုက်ခံရပြီး နောက်ပိုင်း လုံခြုံရေး အဖွဲ့တွေရဲ့ နယ်မြေ ရှင်းလင်း မှုတွေ ကြောင် မြန်မာနိုင်ငံက ရိုဟင်ဂျာ ခုနှစ်သောင်းကျော် ဘင်္ဂလား ဒေ့ရှ် နိုင်ငံ ဘက် ကို ထွက်ပြေး သွားခဲ့ပါတယ်။

အခု ရက်ပိုင်း အတွင်းမှာတော့ အဲဒီ လူတွေထဲက လူဦးရေ ၅၀၀၀ လောက်ဟာ မြန်မာနိုင်ငံကို ပြန်လည် ဝင်ရောက်လာခဲ့ကြကြောင်း နိုင်ငံ တကာ သတင်း ဌာန တွေမှာ ဖော်ပြနေကြပါတယ်။

မြန်မာ ဘက်က ထွက်ပြေး လာတဲ့ သူတွေကို လူသူ မနေတဲ့ ဘင်္ဂလား ပင်လယ် အော်ထဲက မကြာခဏ ရေမြုပ် လေ့ရှိတဲ့ သန်ဂါးချား ကျွန်းမှာ ပြောင်းရွှေ့ နေရာ ချထား ပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရ က စီစဉ်တဲ့ အတွက် စိုးရိမ်ပြီး မြန်မာ ဘက်ကို ပြန်သွားကြတာ ဖြစ်ကြောင်း နိုင်ငံတကာသတင်းတွေ မှာ ရေးသား ဖော်ပြနေ ပါတယ်။

အဲဒီ ကိစ္စ နဲ့ ပတ်သက်လို့ လူ ငါးထောင် လောက်ကို သယ်လာ နိုင် လောက်တဲ့ စက်လှေ မရှိကြောင်း နဲ့ လောလောဆယ်မှာ အဲဒီ လူတွေ ဝင်လာတယ် ဆိုတဲ့ သတင်း တွေ မရရှိကြောင်း နဲ့ ပင်လယ်ပြင် နယ်စပ် လုံခြုံရေး ကိုလည်း အထူး အလေးထား ဆောင်ရွက်နေကြောင်း မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရဲထွဋ် က ပြောပါတယ်။

အခု လောလောဆယ်အတွင်းမှာတော့ မြန်မာဘက်ကလည်း သူတို့ ဝင်လာတယ်ဆိုတာကို သတင်းမရသလို နှစ်ဘက် နိုင်ငံ နယ်ခြားစောင့်တပ်တွေက နယ်စပ် လုံခြုံရေးကို တင်းကျပ်ထားတယ်လို့ ပြောပါတယ်။

စစ်တွေ ပေါက်တော ဘက်က ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကို သွားရောက် အလုပ် လုပ်ကိုင် ခဲ့ပြီးမှ ပြန်ဝင် လာတဲ့ လူ ၂၈ ယောက် ကိုတော့ ဖမ်းဆီး ထားကြောင်း ဦး ရဲထွဋ် က ပြောပါတယ်။

မတ်လ ၇ရက်နေ့မှာ နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်တွေက မောင်တော မြို့နယ် တင်းမေ ကျေးရွာ အနီးရှိ လျိုမြောင်တစ်ခုကို ဝင်ရောက် ရှင်းလင်းရာမှာ မသင်္ကာ ဖွယ် လူတစ်စု စခန်းချ နေထိုင်သွားတဲ့ လူနေ တဲ အကြီး (၁)လုံး၊ အသေး(၃)လုံးနဲ့ အသုံး အဆောင် တွေကို တွေ့ရှိခဲ့ရတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး မတ်လ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။