ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ကွယ်လွန်

  • 10 မတ် 2017
ဓာတ်ပုံ မူပိုင် WIKI
Image caption သူ့ရဲ့ ပို့ကုန် ဦးစားပေးတဲ့ သဘောတရားက ဖွံ့ဖြိုးမှုကို မြှင့်တင်စေတယ် ဆိုပြီး လူသိများ

ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာ လှမြင့်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မတ်လ ၉ ရက်နေ့ မနက် ဒေသ စံတော်ချိန် ၄ နာရီက ကွယ်လွန် သွားခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ ၉၆ နှစ် ရှိပြီ ဖြစ်တဲ့ ဒေါက်တာ လှမြင့်ဟာ ဖွံ့ဖြိုးမှု ဘောဂဗေဒ ပညာရပ်ကို တိုးတက်အောင် ရှေ့ဆောင်သူတွေထဲမှာ ကမ္ဘာသိ ပညာရှင် တယောက် အဖြစ် ထင်ရှားခဲ့ပြီး သူ့ရဲ့ ပို့ကုန် ဦးစားပေးတဲ့ သဘောတရားက ဖွံ့ဖြိုးမှုကို မြှင့်တင်စေတယ် ဆိုပြီး လူသိများခဲ့ပါတယ်။

သူဟာ အောက်စဖို့ဒ် တက္ကသိုလ် နဲ့ လန်ဒန်တက္ကသိုလ် စီးပွားရေးနဲ့ နိုင်ငံရေး သိပ္ပံကျောင်းတို့မှာ ၁၉၈၅ ထိ ပါမောက္ခ အဖြစ် ထမ်းဆောင်ခဲ့သလို လွတ်လပ်ရေး ရခါစ မြန်မာ နိုင်ငံရဲ့ အမျိုးသား စီမံကိန်း ဌာနနဲ့ စိုက်ပျိုးရေး ဘဏ်တွေမှာ အကြံပေး ပညာရှင် အဖြစ် တာဝန်ယူခဲ့ပါတယ်။

ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် အဖြစ် ၁၉၆၂ ထိ တာဝန်ယူခဲ့သလို ဘောဂဗေဒ ပါမောက္ခ အဖြစ် ထင်ရှားတဲ့ ပညာရှင်တွေကို မွေးထုတ်ခဲ့ပါတယ်။

ဒေါက်တာ လှမြင့်ဟာ မြန်မာ့ စီးပွားရေး ပညာရှင် တယောက် အဖြစ်သာမက ကမ္ဘာသိ ပညာရှင် တယောက် ဖြစ်ပြီး ထူးခြားတဲ့ ပညာရေး ထူးချွန်မှုတွေ ရှိခဲ့ကြောင်း လန်ဒန် တက္ကသိုလ်မှာ စီးပွားရေး ပါရဂူဘွဲ့ ဆည်းပူးနေတဲ့ ဗဟိုဘဏ် ဒါရိုက်တာ အဖွဲ့ဝင် ဦးဘိုဘိုငယ်က ပြောပါတယ်။

နိုင်ငံတကာ တက္ကသိုလ်တွေမှာ စီးပွားရေး ပညာရပ်ဆိုင်ရာ ပြဋ္ဌာန်း စာအုပ် တွေကို ပြုစု ခဲ့တဲ့ ရှားရှားပါးပါး မြန်မာ တစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ နိုင်ငံ ဖွံ့ဖြိုးစ ပြုလာတဲ့ အချိန်မှာ အသက်အရွယ် ကြီးမြင့် ခဲ့ပြီ ဖြစ်တာ ကြောင့် သိပ်ထဲထဲ ဝင်ဝင် ပါဝင်တာမျိုး မရှိတော့ပေမယ့် သူရေးသား ခဲ့တဲ့ စာတမ်း တွေက အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

ဒေါက်တာ လှမြင့် ရေးသားခဲ့တဲ့ စာအုပ်တွေကို မြန်မာ ဘာသာကို ပြန်ဆို ထုတ်ဝေ တာမျိုး ဆောင်ရွက်သင့်ပြီး ယနေ့ခေတ် နဲ့ ကိုက်ညီတဲ့ စီးပွားရေး သုံးသပ်ချက် တွေ လူငယ်တွေ ကြားမှာ ရင့်သန် လာစေမယ်လို့ ဦးဘိုဘိုငယ် က ပြောကြားခဲ့ပါတယ်။