လွတ်လပ် လုံခြုံမှု ဥပဒေ ကို အရပ်ဖက် အဖွဲ့တွေ ဝေဖန်

  • 10 မတ် 2017
Image caption အများပြည်သူရဲ့ အခွင့်အရေးတွေ အပေါ် ခြိမ်းခြောက် လာနိုင်

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ "နိုင်ငံသားများ၏ လူပုဂ္ဂိုလ် ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး" ဆိုတဲ့ ဥပဒေ တစ်ရပ် အသက်ဝင် လာပါတယ်။

ဥပဒေပါ အချက်အလက်တွေဟာ အဓိပ္ပာယ် ဝေဝါးနေပြီး ၊ လူမှု အရပ်ဖက် အဖွဲ့တွေရဲ့ အကြံပြုချက်တွေကို အာဏာပိုင်တွေက လျစ်လျူရှု ပြဋ္ဌာန်း လာတာ ဖြစ်တယ် ဆိုတဲ့ ဝေဖန်သံတွေ ထွက်ပေါ် လာပါတယ်။

သမ္မတ ဦးထင်ကျော်က လက်မှတ်ထိုးပြီး ပြဋ္ဌာန်း အတည်ပြု လိုက်တဲ့ အဲဒီ ဥပဒေထဲမှာ ရှေ့နောက် မညီတဲ့ အဓိပ္ပာယ် ဖွင့်ဆို ချက်တွေ ပါဝင် နေတာကို အရပ်ဖက် အဖွဲ့ တွေ အနေနဲ့ ဥပဒေကြမ်း အဖြစ်ကတည်းက ထောက်ပြ အကြံပေးတာတွေ ပြုလုပ်ခဲ့ပေမယ့် လွှတ်တော်နဲ့ အစိုးရ ဘက်က ထည့်သွင်း စဉ်းစားတာမျိုး မလုပ်ပဲ လျစ်လျူ ရှုခဲ့တယ် ဆိုပြီး အရပ်ဖက် အဖွဲ့ တချို့ စုပေါင်းလို့ ကြေညာချက် ထုတ်ပြန် လာပါတယ်။

နိုင်ငံတကာ လူ့ရပိုင်ခွင့် စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့ အချက်တချို့ ပါဝင်နေလို့ ရေရှည်မှာ အများပြည်သူရဲ့ အခွင့်အရေးတွေ အပေါ် ခြိမ်းခြောက် လာနိုင်တယ် ဆိုပြီး အရပ်ဖက် အဖွဲ့တွေက ဝေဖန် ထားပြီး၊ ပြန်လည် သုံးသပ်ပြင်ဆင်ဖို့လည်း အာဏာပိုင် တွေကို တိုက်တွန်း ထားပါတယ်။

မတ်လ ၈ ရက်နေ့ကပဲ အသက်ဝင်လာတဲ့ "နိုင်ငံသားများ၏ လူပုဂ္ဂိုလ် ဆိုင်ရာ လွတ်လပ်မှုနှင့် လူပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး" ဆိုတဲ့ အဲဒီ ဥပဒေထဲမှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ခွင့် ကို အဟန့်အတား ဖြစ်စေတဲ့အချက်တွေ၊ ဥပဒေ အရ လုပ်ပိုင်ခွင့် ပေးထားတဲ့ နေရာမှာလည်း တိကျ ပြတ်သားမှု မရှိဘဲ အမည်နဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေမှာ အားနည်းချက် တွေ ရှိနေပြီး ယေဘုယျ ဆန်လွန်း တဲ့ အတွက် ဥပဒေ ရဲ့ ကောင်းကျိုးထက် ဆိုးကျိုး တွေကို စိုးရိမ်လို့ ထောက်ပြ ဝေဖန် ရတာ ဖြစ်ကြောင်းကြေညာချက် ထုတ်ပြန်တဲ့ အဖွဲ့တွေထဲ ပါဝင်တဲ့ PEN Myanmar အဖွဲ့က ကိုဟန်ဇော်က ပြောပါတယ်။

ဒီဥပဒေဟာ တစ်ယောက်ချင်း စီရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုကို အကာအကွယ် ပြုဖို့ ဆိုပြီး ပြဋ္ဌာန်း လာပေမယ့် တခါဥပဒေ ထဲမှာပဲ သမ္မတ ဒါမှမဟုတ် ပြည်ထောင်စု အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဆိုရင် လူတွေဆီက မှတ်ပုံတင်လိုမျိုး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ တောင်းယူ ကြည့်ရှု နိုင်တာ ၊ လူတွေကို စောင့်ကြည့်တာ၊ နောက်ယောင်ခံ လိုက်နိုင်တာ စတာတွေကို ခွင့်ပြု ထားတယ်လို့ ဝေဖန်သူတွေ ထောက်ပြ နေကြတာ ဖြစ်ပါတယ်။

အဲဒီလို ခွင့်ပြုတဲ့ အခါမှာလည်း ဘယ်သူတွေက ဘယ်အချိန်မှာ ဘယ်လောက် အတိုင်းအတာထိ လုပ်ပိုင်ခွင့် ရှိတယ် ဆိုတာမျိုးကို တိတိကျကျ မဖော်ပြထားဘဲ လူ့ အခွင့်အရေးကို မထိခိုက် စေအောင် ဘယ်လို လုပ်ဆောင်ရမယ် ဆိုတဲ့ လမ်းညွှန်ချက်မျိုး ထည့်သွင်း ထားဖို့လည်း ဥပဒေက ပျက်ကွက် နေတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ကတော့ မြန်မာ နိုင်ငံမှာ နှစ်ပေါင်းများစွာ တွေ့ကြုံ ခံစားခဲ့ရတဲ့ နိုင်ငံရေး ဖိနှိပ်မှုတွေ၊ နိုင်ငံရေး သမားတွေ အပေါ် အာဏာပိုင်တွေက ပစ်မှတ်ထား ကျူးလွန် ခဲ့တာတွေကို အခုလို အချိန်မှာ အကာအကွယ် ပြုနိုင်ဖို့ ဒီဥပဒေမျိုး ပြဋ္ဌာန်း ပေးရတာ ဖြစ်တယ်လို့ ပြောပါတယ်။

လူတွေရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်နဲ့ လုံခြုံမှုတွေကို ဒီ ဥပဒေအရ အာဏာပိုင်တွေဘက်က လွယ်လင့်တကူ ချိုးဖောက်လို့ မရ နိုင်တော့ဘူး ဆိုပြီး တော့လည်း ဦးထွန်းထွန်းဟိန်က ဆိုပါတယ်။

ဒါ့အပြင် အရပ်ဖက် အဖွဲ့တွေ ပြစ်တင် နေတဲ့ နောက်အချက်တွေ ဖြစ်တဲ့ ဥပဒေကို ပြဋ္ဌာန်း ရာမှာ ပြည်သူ့ အသံကို လျစ်လျူရှုခဲ့ပြီး ဥပဒေကို အစောတလျင် အတည်ပြုခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ဦးထွန်းထွန်းဟိန်က တုန့်ပြန်ပါတယ်။

ဒီဥပဒေကို လက်တွေ့ အကောင်အထည်ဖော် ကျင့်သုံးဖို့ နည်းဥပဒေ လည်း နောက်ကလိုက် ပြဋ္ဌာန်း လာမယ်လို့ မျှော်လင့်ရပါတယ်။

တချို့ကတော့ နည်းဥပဒေထဲမှာ အရပ်ဖက် အဖွဲ့ တွေ စိုးရိမ်နေတဲ့ အချက်တွေကို ကျေလည် သွားစေနိုင်တဲ့ အချက်တွေ ပါဝင် လာနိုင်တယ် ဆိုပြီး သုံးသပ်မှုတွေ ရှိသလို၊ တချို့ကတော့ မူလ ဥပဒေကိုယ်နှိုက်က သုံးသပ် ပြင်ဆင်ဖို့ လိုတယ်လို့ ယူဆ နေကြပါတယ်။