ရိုဟင်ဂျာတွေ အပေါ် လုံခြုံရေး တပ်ဖွဲ့တွေ ဆိုးဆိုးရွားရွား ပြုမူခဲ့

  • 10 မတ် 2017
Image caption ရိုဟင်ဂျာတွေ သောင်းနဲ့ချီ ထွက်ပြေးခဲ့ရ

ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်ဆလင်တွေ မြန်မာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ တို့ရဲ့ ဆိုးဆိုးရွားရွား ပြုမူတာ ခံခဲ့ရတယ် ဆိုပြီး မြန်မာ နိုင်ငံ လူ့ အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့ ကုလသမဂ္ဂက အထူး ကိုယ်စားလှယ် အဖြစ် ခန့်အပ်ထားတဲ့ မစ္စ ယန်ဟီးလီက ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံထဲက အခြေအနေဟာ ထင်ထားတဲ့ အများကြီး ပိုဆိုးနေတယ်လို့ မစ္စ ယန်ဟီးလီက ပြောပါတယ်။

"အခြေအနေဟာ ဆိုးမယ်မှန်း သိပြီးသားပါ၊ ဒါပေမယ့် ဒီလောက်တောင် ဖြစ်နေလိမ့်မယ်လို့ မထင်မိခဲ့ဘူး၊ ကျွန်မ အနေနဲ့ ဆန်းစစ်ပြောကြား ရမယ်ဆိုရင် ဒါဟာ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုထိ မြောက်တယ်လို့ ပြောရပါလိမ့်မယ်၊ သေချာပေါက် အဲဒီ အခြေအနေမှာ ရှိနေပါတယ်" လို့ မစ္စ ယန်ဟီးလီက ဆိုပါတယ်။

မြန်မာ အစိုးရကို လက်တွေ့အရ ဦးဆောင်မှု ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဘီဘီစီက တွေ့ဆုံ မေးမြန်းခွင့် တောင်းခံတာကို ငြင်းပယ် ထားပါတယ်။

ရိုဟင်ဂျာ တွေ အပေါ် ပြုမူတဲ့ ခြောက်ခြားစဖွယ် နှိပ်စက်မှုတွေ၊ လူမဆန်တဲ့ လုပ်ရပ်တွေကို စစ်တပ်နဲ့ ရဲတို့လို လုံခြုံရေး တပ်ဖွဲ့တွေက စနစ်တကျ ကျူးလွန်နေတာ ဖြစ်တယ်လို့ မစ္စလီက ပြောပြီး၊ အရပ်သား အစိုးရ အနေနဲ့လည်း တာဝန်ခံရမှာ ဖြစ်တယ်လို့ မစ္စလီက ဆိုပါတယ်။

ရိုဟင်ဂျာ အရေးကို ကုလသမဂ္ဂ အနေနဲ့ တရားဝင် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးဖို့ လာမယ့် တနင်္လာနေ့မှာ တောင်းဆို သွားမယ်လို့ ယန်ဟီးလီးက ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အောက်တိုဘာလတုန်းက လက်နက်ကိုင် ထကြွမှုတွေကို နှိမ်နှင်းရေး စစ်ရေး စီမံကိန်းတွေမှာ အရပ်သား ရိုဟင်ဂျာတွေ အပေါ်မှာပါ ပစ်မှတ်ထား တိုက်ခိုက် ခဲ့ကြတယ်ဆိုပြီး နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန် နေကြပါတယ်။