သင်္ကြန်ပိတ်ရက် လျှော့ချကြောင်း သမ္မတရုံး အတည်ပြု

  • 10 မတ် 2017
Image caption ၅ ရက် အစား ပြန်ရမှာပါ

သင်္ကြန်အခါကာလ အစိုးရ ရုံးပိတ်ရက်ဟာ ဧပြီလ ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့ အထိ (၅) ရက် ပိတ်မှာ ဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က ဘီဘီစီကို အတည်ပြု ပြောပါတယ်။

သင်္ကြန်တွင်း ၁၀ ရက် ဆက်တိုက် ပိတ်ရာက ၅ ရက် လျှော့လိုက်တာ ဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဆိုပါတယ်။

ဝန်ထမ်းတွေ အတွက် လျော့သွားတဲ့ အားလက်ရက် ၅ ရက်အတွက် အစားပြန်ပိတ် ပေးဖို့လည်း အစိုးရက စီစဉ် ထားပါတယ်။

သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်တွေမှာ ဆိုရင် လပြည့်နေ့ ဥပုသ်နေ့ တွေမှာသာ ရုံးပိတ်ခဲ့ရာက အခုဆို အဖိတ်နေ့တွေ မှာပါ ပိတ်ပေးမှာ ဖြစ်သလို အင်္ဂလိပ် နှစ်သစ်ကူးကာလမှာလည်း ဒီဇင်ဘာ ၃ဝကစလို့ နှစ်ဆန်း၁ ရက် အထိ ၃ ရက်ဆက်တိုက် ပိတ်ပေးမှာ ဖြစ်လို့ ၅ ရက် အစား ပြန်ရမှာပါ။

သင်္ကြန်တွင်း ၁၀ရက်အထိ ရက်ရှည် ပိတ်တဲ့အခါ ကုန်စျေးနှုန်းနဲ့ သယ်ယူပို့ဆောင်ရေး အခတွေ စျေးတက်တာက အစ၊ ဘဏ်အလုပ်မလုပ်လို့ နိုင်ငံရပ်ခြားနဲ့ စီးပွားရေး အဆက်အဆံ အခက်အခဲ ဖြစ်ရတယ် ဆိုပြီး ဝေဖန် သုံးသပ်မှုတွေ ရှိနေပါတယ်။