မိုင်းလား နယ်မြေ ကနေ ဝ တပ်ဖွဲ့ ဆုတ်ခွာ

  • 10 မတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption တပ်မတော် ဘက်ကလည်း ကျိုင်းတုံ နယ်ထဲ က မိုင်းလား ဘက်ကို သွားတဲ့ ဂိတ် တစ်ခု ကို ပိတ်ထား ခဲ့

မတ်လ ၈ ရက်နေ့ မှာ ကျိုင်းတုံ မိုင်းလမ်း လမ်းမ ပေါ်က မိုင်းလား ထိန်းချုပ် နယ်မြေတွေ ကို သိမ်းပိုက် ထားတဲ့ UWSA ဝ တပ်ဖွဲ့ တွေ က ပြန်လည် ဆုတ်ခွာ သွားခဲ့ပါတယ်။

၂၀၁၆ ခုနှစ် စက်တင်ဘာ က စလို့ ဝတပ်ဖွဲ့ တွေဟာ မိုင်းလား အဖွဲ့ ထိန်းချုပ် နယ်မြေထဲက တပ်စခန်း ၅ ခုကို သိမ်းပိုက် ထားခဲ့တာ ဖြစ်ပါတယ်။

မိုင်းလား အဖွဲ့ အနေနဲ့ တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် NCA မှာ လက်မှတ်ရေးထိုး မှာကို စိုးရိမ် တဲ့ အတွက် တပ်စခန်းတွေကို ဝတပ်ဖွဲ့ က သိမ်း ယူ ထားခဲ့တာ ဖြစ်နိုင်ကြောင်း လေ့လာ သူတွေက သုံးသပ်နေကြပါတယ်။

ဝတပ်ဖွဲ့ က မိုင်းလား တပ်စခန်း တွေကို သိမ်းပိုက် လိုက်တဲ့ အတွက် မြန်မာ့ တပ်မတော် ဘက်ကလည်း ကျိုင်းတုံ နယ်ထဲ က မိုင်းလား ဘက်ကို သွားတဲ့ ဂိတ် တစ်ခု ကို ပိတ်ထား ခဲ့ပါတယ်။

မိုင်းလား တပ်စခန်းတွေ သိမ်းပိုက် ထားတဲ့ ကိစ္စကို ပြန်လည် ပေးအပ်ဖို့ အတွက် ဝတပ်ဖွဲ့ ခေါင်းဆောင် တွေနဲ့ မိုင်းလား အဖွဲ့ ခေါင်းဆောင်တွေ အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ဝတပ်ဖွဲ့တွေ မိုင်းလား အဖွဲ့က ထိန်းချုပ် ထားတဲ့ တပ်စခန်း တွေကနေ ပြန်လည် ဆုတ်ခွာ ဖို့ အတွက် ဖေဖော်ဝါရီလ မှာတုန်းက တပ် အချင်းချင်း အကြိမ်ကြိမ် ညှိနှိုင်းမှု တွေ လုပ်ခဲ့ရပါတယ်။

ဒါ့အပြင် ပန်ခမ်း မှာ လုပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်များ ညီလာခံ ပြီးနောက်မှာ အချင်းချင်း နားလည်မှု ပိုမို ရရှိအောင် ဝတပ်ဖွဲ့ က ဆုတ် ပေး ခဲ့တာ ဖြစ်နိုင်ကြောင်း ငြိမ်းချမ်းရေး လေ့လာသူ ဦးမောင်မောင်စိုးက ပြောပါတယ်။

ဝတပ်ဖွဲ့ မိုင်းလား ဒေသမှာ ရှိနေသ၍ တာပင်း ဂိတ် ကို အစိုးရ က မဖွင့်ဘူးဆိုပြီး ပိတ်ထားပါတယ်။ အခုလို ဝတပ်ဖွဲ့ ဆုတ်ခွာ သွားပြီးနောက် တာပင်းဂိတ် ကို ပြန်လည် ဖွင့်လှစ်နိုင်ပြီး မိုင်းလား အဖွဲ့ နဲ့ တပ်မတော် အကြား ပုံမှန် အခြေအနေ ပြန်လည် ဖြစ်ပေါ် လာရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကို အထောက်အကူ ပြု နိုင်မှာ ဖြစ်ပါတယ်။

ဝတပ်ဖွဲ့ အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ထဲမှာ အင်အား အကြီးဆုံး အဖွဲ့ ဖြစ်သလို ပန်ခမ်း မှာလုပ်တဲ့ အပစ်ရပ် လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား အဖွဲ့တွေရဲ့ ညီလာခံမှာလည်း NCA စာချုပ်နဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို ရှေ့ဆက် သွားလို့ မရဘူးလို့ ထုတ်ဖော် ပြောကြား ခဲ့ပါတယ်။

မတ်လ အစောပိုင်း တုန်းကလည်း အစိုးရ အနေနဲ့ NCA စာချုပ် အစား တခြားသော နည်းလမ်း တစ်ခု ကို ရှာဖွေ ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကို ဖော်ဆောင်ပေးဖို့ UWSA တပ်ဖွဲ့က ထပ်မံ တောင်းဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ