ရခိုင်ရေးရာ ဆွေးနွေးပွဲကျင်းပ

  • 12 မတ် 2017
Image caption ရခိုင်အရေး စိတ်ပါဝင်စားသူ လူတရာခန့် ဆွေးနွေးပွဲ တက်ရောက်ခဲ့

"လက်ရှိ နိုင်ငံရေးမှသည် အနာဂတ် ရခိုင် အမျိုးသားရေးဆီသို့" ခေါင်းစဉ်နဲ့ ရခိုင်ရေးရာ ဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ မတ်လ ၁၁ရက်နေ့က ကျင်းပခဲ့ပါတယ်။

ရခိုင်နိုင်ငံရေးကို စိတ်ပါဝင်စားတဲ့ လူပေါင်း တစ်ရာခန့် ဒီဆွေးနွေးပွဲကို တက်ရောက် ခဲ့ပါတယ်။

ရခိုင်အမျိုးသား ဗဟိုပြု ပြဿနာတွေကို ဖော်ထုတ်ရန်၊ ရခိုင်လူမှုအဖွဲ့အစည်း အတွင်း ဒီမိုကရေစီ နည်းကျ ဆွေးနွေးဖလှယ် အဖြေရှာတဲ့ ယဉ်ကျေးမှု ရှင်သန်လာရန်နဲ့ ရခိုင်လူငယ်တွေအတွင်း အတွေးအခေါ်သစ်များ ကျယ်ပြန့် မြင့်မားလာစေရန် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ဒီဆွေးနွေးပွဲကို ရခိုင်သားကြီး စာပေက စီစဉ်ကျင်းပခဲ့တာ ဖြစ်ပြီး မြောက်ဦးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစော၊ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အဖွဲ့ဝင် ဒေါ်စောခင်တင့်နဲ့ ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူ ရှေ့နေကြီး ဦးအောင်ကျော်စိန် တို့က အဓိက ပါ၀င် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ တက်ရောက် ဆွေးနွေးခဲ့တဲ့ ဒေါ်စောခင်တင့်က ရခိုင်အဖွဲ့အစည်းတွေကို ဦးဆောင် ဦးရွက်လုပ်တဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ရခိုင်ပြည်သူလူထုတရပ်လုံးအတွက် အများကြီး စဉ်းစားသင့်ကြောင်း၊ ဒီလို စဉ်းစား အဖြေရှာမှာလည်း ရွေးချယ်မှု မှန်ကန်ဖို့ လိုပြီး Negative ဆိုတဲ့ အနှုတ်လက္ခဏာ ပုံစံမျိုးနဲ့ ဆန့်ကျင်သွားတာမျိုးနဲ့ စာရင် Positive အပြုသဘော လက္ခဏာ ပုံစံမျိုးနဲ့ သွားဖို့ လိုကြောင်း ဆွေးနွေးပြောသွားခဲ့ပါတယ်။

မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောကလည်း ရခိုင်လူမျိုးတွေဟာ အစွန်းရောက်တွေ မဟုတ်ပဲ စစ်မှန်တဲ့ တန်းတူတဲ့ ဖယ်ဒရယ် ပြည်ထောင်စု တခု လုပ်ရေးဟာ မျက်မှောက် ရခိုင်နိုင်ငံရေးရဲ့ အဓိက လမ်းကြောင်း ဖြစ်ကြောင်း ပြောခဲ့ပြီး မျိုးဆက်အလိုက် လူငယ်တွေအနေနဲ့လည်း ဒီလမ်းကြောင်းအတိုင်း မဆုတ်မနစ် သွားဖို့ကို မီးမောင်းထိုး ပြောသွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဟာ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး၊ မတည်ငြိမ်မှုတွေနဲ့ ကမ္ဘာကပါ အာရုံစူးစိုက်ရာ ဒေသ တစ်ခု ဖြစ်လာနေပြီး ရခိုင်ပြည်နယ်အတွင်း လက်ရှိ ဖြစ်ပေါ်နေတဲ့ လူမျိုးရေး၊ ဘာသာရေး ပြသနာတွေနဲ့ ပတ်သက်လို့ ဘယ်လို ချဉ်းကပ် ဖြေရှင်းရင် ရနိုင်မလဲ ဆိုတာ ရခိုင်အမျိုးသားတွေအနေနဲ့ စိတ်အားထက်သန်မှုတွေ ရှိလာနေတဲ့အတွက် ဒီလို ဆွေးနွေးပွဲမျိုး လုပ်ခဲ့ရတာလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ