၂၁ ရာစု ပင်လုံ မေလဆန်းမှာ လုပ်ဖို့လျာထား

  • 12 မတ် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption မူလက ဖေဖော်ဝါရီလထဲမှာ ကျင်းပမယ်လို့ လျာထားခဲ့ပေမယ့် အခုလို ရက် ထပ်မံ ရွှေ့ဆိုင်းတာဟာ ရှမ်းမြောက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ မသက်ဆိုင်

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးကို မေလဆန်းမှာ ကျင်းပနိုင်ဖို့ လျာထားပြီး ရက်အတိအကျတော့ မသတ်မှတ်ရသေးဘူးလို့ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။

မတ်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူး အဖွဲ့ အစည်းအဝေးမှာ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပမယ့်ရက်နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပြီး အခုလို ကျင်းပမယ့် ကာလ ထွက်ပေါ် လာတာလည်း ဖြစ်ပါတယ်။

မူလက ဖေဖော်ဝါရီလထဲမှာ ကျင်းပမယ်လို့ လျာထားခဲ့ပေမယ့် အခုလို ရက် ထပ်မံ ရွှေ့ဆိုင်းတာဟာ ရှမ်းမြောက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ မသက်ဆိုင်ဘဲ ကရင် အမျိုးသား အစည်းအရုံး KNU ကွန်ဂရက် အစည်းအဝေး ကျင်းပမယ့် ရက်နဲ့ ညှိနှိုင်းနေရလို့ အစည်းအဝေးရက်ကို ထပ်မံ နောက်ဆုတ်တာ ဖြစ်တယ်လို့ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။

KNU ညီလာခံကတော့ မတ်လလယ်လောက်မှာ စတင်ပြုလုပ်မှာ ဖြစ်ပြီး ကေအန်န်ယူ ခေါင်းဆောင်ပိုင်း ပြန်လည်ရွေးချယ်တာတွေ လုပ်ဖို့လည်း ရှိပါတယ်။

ငြိမ်းချမ်းရေး ညီလာခံကို ပုံမှန် ၆ လတခါ ကျင်းပဖို့ မူလက သတ်မှတ်ထားပေမယ့် အခု ထပ်မံ ရက်ရွှေ့တဲ့အတွက် (၈)လ ကြာမှ ကျင်းပနိုင်တော့မှာ ဖြစ်ပါတယ်။

ဒီလို ရွှေ့ဆိုင်းတာက ပြဿနာ မရှိပဲ ဆွေးနွေးမှု ရလဒ်ကောင်းတွေ ရဖို့ကသာ အရေးကြီးတယ်လို့ ချင်းအမျိုးသားတပ်ဦး စီအန်န်အက်ဖ်က ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ဘီဘီစီကို ပြောပါတယ်။

တိုင်းရင်းသားတွေဘက်ကတော့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ၂၁ ရာစု ပင်လုံညီလာခံ မတိုင်မီ ရခိုင်နဲ့ ရှမ်းပြည်နယ်ဘက်တွေမှာ ကျင်းပနိုင်ဖို့ လိုလားနေပါတယ်။

တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်ဆဲရေး NCA စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ဝင်တွေ ပါဝင် လက်မှတ်ထိုးလာပြီး ၂၁ ရာစု ပင်လုံညီလာခံမှာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စုံ တက်ရောက်နိုင်ဖို့ ကိစ္စကို အစိုးရဘက်က လိုလားနေပေမယ့် ရှမ်းပြည်နယ် မြောက်ပိုင်းဘက်မှာ တိုက်ပွဲ ဖြစ်ပွားမှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ