ပိုမိုပြင်းထန်တဲ့ အမူအယာမျိုးနဲ့ တုံ့ပြန်သွားမယ်လို့ ဉီးဝီရသူ ပြောကြား

  • 12 မတ် 2017
Image caption ဆရာတော်ဉီးဝီရသူ

မန္တလေးတိုင်း မစိုးရိမ်တိုက်သစ်ကနာယက အဖွဲ့ဝင်ဆရာတော် ဉီးဝိစိတ္တာဘိဝံသခေါ် ဉီးဝီရသူကို ဘာသာတခုနဲ့တခုကြား အမုန်းတရား ပွားများပြီး ဘာသာရေး အဓိကရုန်းဖြစ်အောင် ဟောပြောမှု နိုင်ငံရေး ဘက်လိုက် ဝေဖန်မှုစတဲ့ လုပ်ဆောင်ချက်တွေကြောင့် နိုင်ငံတော်သံဃာ့ မဟာနာယက အဖွဲ့က တတိုင်းပြည်လုံး တရားဟောခွင့်ကို တနှစ်ပိတ်ပင်လိုက်ပါတယ်။

ဒီလိုပိတ်ပင်တာနဲ့ ပတ်သက်လို့ အရင်တုန်းကဆို မဟနအနေနဲ့ခေါ်ယူသတိပေးတာ ခံဝန်ချက် လက်မှတ်ထိုးခိုင်းတာ စာထုတ်တာတွေ အဆင့်ဆင့်လုပ်ပြီးမှ နောက်ဆုံးအဆင့် တရားဟောတာ ပိတ်ပင်လေ့ရှိကြောင်း အခုတော့ အဆင့်ဆင့် သတိမပေးပဲလုပ်တာဟာ ဧရာဝတီတိုင်း အစိုးရနဲ့ သာသနာရေး ဝန်ကြီးဌာနတို့ ပေါင်းပြီး ဆရာတော်ကြီးတွေကို အတင်း လက်မှတ်ရေးထိုး အမိန့်ထုတ်အောင် လုပ်သွားတာ လို့ ဉီးဝီရသူက ဘီဘီစီကို ပြောပါတယ်။

အိမ်မဲမြို့နယ်မှာ တရားပွဲမိန့်ရပြီးသားဖြစ်လို့ ဒကာဒကာမတွေ အဖူးမျှော်ခံတာဖြစ်ပြီး ဝစီပိတ် လုပ်ထားတာကတော့ မဟနဆရာတော်တွေရဲ့ အမိန့်ကို လိုက်နာတယ်ဆိုတာ ပြသတာဖြစ်ကြောင်း ပြောပါတယ်။

အခု ခွင့်ပြုမိန့်ရ ပြီးတရားပွဲတွေနဲ့ပတ်သက်လို့ အခုလိုပဲ လိုလိုလားလားရှိတဲ့ ပွဲတွေမှာ ဝစီပိတ် တရားဟောသွားမှာဖြစ်ပြီး ဒီထက်ဖိနှိပ်တာတွေ လုပ်လာရင် ပိုပြင်းထန်တဲ့အမူအယာတွေနဲ့ ခုခံကာကွယ်သွားမယ်လို့ ပြောပါတယ်။

အခုလို ဟောပြောတာဟာ အခြားဘာသာတွေကို တိုက်ခိုက်တာမျိုးမဟုတ်ပဲ ကိုယ့်ဘာသာကို ကာကွယ် စောင့်ရှောက်တာဖြစ်ကြောင်း တကယ်လို့ အရေးယူမယ်ဆိုရင်လည်း ဘယ်ဥပဒေနဲ့အရေးယူမယ်ဆိုတာ သိလိုကြောင်းပြောကြားသွားပါတယ်။