မံစီမြို့နယ်မှာ သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသား ၁၁ဦး ဖမ်းမိ

  • 12 မတ် 2017
ဓာတ်ပုံ မူပိုင် New Light of Myanmar
Image caption တရုတ်နိုင်ငံသားတွေကို သစ်တင်ယာဉ် ယန္တရားတွေနဲ့အတူ ဖမ်းဆီးမိခဲ့

သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသား ၁၁ဦး နဲ့ သစ်တင်ယာဉ် ယန္တရားတွေကို တပ်မတော်စစ်ကြောင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတုန်း ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မံဝိန်းကြီးမှာ ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။

ဒီတရုတ် နိုင်ငံသားတွေကို တပ်မတော်က ရဲတပ်ဖွဲ့ကို လွှဲပြောင်းခဲ့ပြီး အခုတော့ သူတို့ကို တရားမဝင် နယ်စပ် ဖြတ်ကျော်တဲ့ လူဝင်မှု ကြီးကြပ်ရေး ပုဒ်မနဲ့ စခန်းမှာ အမှုဖွင့်ထားတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး မျိုးသူရနောင်က ဘီဘီစီကို ပြောပါတယ်။

တရုတ်-မြန်မာ နယ်စပ်မှာ တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေ ဖမ်းဆီးမိတာမျိုးတွေ အရင်က ရှိခဲ့ဖူးပြီး အခု သီတင်းပတ် အစောပိုင်းမှာလည်း တရားမဝင် ရောက်နေတဲ့ တရုတ်နိုင်ငံသား ၅ ဦးကို ဖားကန့်မှာ ဖမ်းဆီးမိခဲ့ပါတယ်။

မံစီမြို့နယ် အမျိုးသားလွှတ်တော် အမတ် ဦးနိုင်ကိုကိုကတော့ ဒီပြဿနာကို တရုတ် မြန်မာ နှစ်နိုင်ငံ တာဝန်ယူ ဖြေရှင်းသင့်ပြီလို့ ပြောပါတယ်။

အခု ဖမ်းမိထားတဲ့ တရုတ်နိုင်ငံသား ၁၁ဦးကို မံဝိန်း ရဲစခန်းမှာ ထိန်းသိမ်းထားပြီး သူတို့တွေနဲ့ အတူ သစ်တင်ယာဉ် ယန္တရားတွေ ဖမ်းဆီးခဲ့မိတယ် ဆိုပေမယ့် သစ်တွေ ဖမ်းမိတာမျိုး ရှိသလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

သူတို့ကို တရားမဝင် သစ်ခိုးထုတ်မှု ပုဒ်မနဲ့ အမှုဖွင့်တာ မရှိပဲ လဝက ပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ ဒုရဲမှူးကြီးက ပြောပါတယ်။