ထိုင်း မြန်မာနယ်စပ်က မြန်မာကလေးတွေရဲ့ဘ၀ ပိုမိုကောင်းမွန်ဖို့ ထိုင်း ဆောင်ရွက်

  • 12 မတ် 2017
Image caption SAW လူမှုရေး အဖွဲ့က စောင့်ရှောက်ထားတဲ့ မြန်မာကလေးတွေကို ထိုင်း လူမှုဘဝ တိုးတက်ရေးနဲ့ လူ့ဘဝ လုံခြုံရေးဝန်ကြီး လာရောက်ကြည့်ရှု

ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ အနီးပတ်၀န်းကျင်က မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကလေးတွေ စာသင်ကြားနေရာ စာသင်ကျောင်းနဲ့ မိဘမဲ့ ဂေဟာပေါင်း ၃၈ နေရာက ကလေးတွေရဲ့ဘ၀ တိုးတက်ရေးအတွက် ထိုင်းလူမှုဘ၀ တိုးတက်ရေးနဲ့ လူ့ဘ၀ လုံခြုံရေး ၀န်ကြီးဌာနက ဆောင်ရွက် ပေးနေတယ်လို့ သိရပါတယ်။

ထိုင်းလူမှုဘ၀ တိုးတက်ရေးနဲ့ လူ့ဘ၀ လုံခြုံရေး ၀န်ကြီးဌာန ၀န်ကြီးက တာ၀န်ပေးလိုက်တဲ့ အမြဲတန်း အတွင်း၀န် နိုင်မိုင်တရီ အင်ထုရွတ် က ပထမအဆင့် အနေနဲ့ ကလေးတွေကို ၁၀နှစ် သက်တမ်း ရှိ တဲ့ နေထိုင်ခွင့် ကပ်ပြားတွေ ထုတ်ပေးနေပြီး အခုဆက်ဆောင်ရွက်ပေးမယ့် ဒုတိယအဆင့် အနေနဲ့ သူတို့ရဲ့ ကျောင်းတွေ၊ ဂေဟာတွေမှာ ကျန်းမာ ရေးနဲ့ အညီ ဘေးအန္တရာယ် အမျိုးမျိုး ကင်းပြီး ကလေးတွေရဲ့ သဘာ၀အတိုင်း ပျော်ရွှင်စွာ ကြီးပြင်းဖို့ စတဲ့ နိုင်ငံတကာ အဆင့်မီ စောင့်ရှောက်မှုကို ခံရဖို့အတွက် ကလေးတွေ နေတဲ့ ကျောင်းတွေ၊ ဂေဟာတွေက တာ၀န်ရှိသူတွေကို သင်တန်းတွေ ပို့ချပေးသွားမယ်လို့ ပြောသွားပါတယ်။

မဲဆောက်နဲ့ အနီးပတ်ဝန်းကျင်က စာသင်ကျောင်းနဲ့ မိဘမဲ့ ဂေဟာတွေက ၁၀ နှစ် သက်တမ်း ရှိတဲ့ နေထိုင်ခွင့် ကဒ်ပြားတွေ ရပြီး ထိုင်းကလေးတွေနဲ့ တန်းတူ အခွင့်ရေးတွေ၊ ထောက်ပံ့ကြေးတွေ ရထားတဲ့ ကလေးတသောင်းကျော် ရှိပြီး ထိုင်းတနိုင်ငံလုံးမှာ ဒီလို ကလေးမျိုး တသိန်းကျော် ရှိတယ်လို့ သိရပါတယ်။

မဲဆောက်က SAW လို့ ခေါ်တဲ့ လူမှုရေးအဖွဲ့ကလည်း မိဘမဲ့ကလေး အများစုပါဝင်တဲ့ ကလေး ၁၆၀ကျော်လောက်ကို စောင့်ရှောက်ထားပြီး အဲဒီ ကလေးတွေဟာ မဲဆောက် ဆေးရုံကြီး၊ မယ်တော် ဆေးခန်းနဲ့ ထိုင်းလဝကရုံးတွေကနေ လွှဲပေးခဲ့တာ ဖြစ်ကြောင်း အဖွဲ့ဒါရိုက်တာ ဒေါ်အေးမာက ပြောပြပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ လာပြီး အလုပ် လုပ်ကိုင်နေတဲ့ အနှစ်သုံးဆယ်လောက် ကာလမှာ လုပ်အားခ၊ အလုပ်ချိန်နဲ့ နိမ့်ကျတဲ့ လုပ်ငန်းခွင် အခြေအနေတွေကြောင့် မကြာခဏ ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။

အခု ထိုင်းအစိုးရက မဲဆောက်မြို့ အပါအဝင် ထိုင်းနိုင်ငံက နေရာ အတော်များများမှာ အထူး စီးပွားရေးဇုံတွေကို တည်ဆောက်ပြီး နိုင်ငံတကာ ရင်းနှီးမှုတွေကို ဖိတ်ခေါ်နေတဲ့ အချိန်မှာ ရွှေ့ပြောင်း အလုပ်သမားတွေ၊ သူတို့ရဲ့ ကလေးတွေနဲ့ နိုင်ငံမဲ့ ဖြစ်နေတဲ့ ကလေးတွေကိုပါ ထိုင်းနိုင်ငံက လူသားချင်း စာနာမှု အ ပြည့်နဲ့ စောင့်ရှောက်နေကြောင်း နိုင်ငံတကာကို ပြသလိုက်တာ ဖြစ်ပါတယ်။