ရိုဟင်ဂျာအရေး တုန်လှုပ်ဖွယ် ကြားသိ ခဲ့ရတယ်လို့ မစ္စလီ ထွက်ဆို

  • 13 မတ် 2017
Image caption ကုလသမဂ္ဂ အနေနဲ့ စုံစမ်းရေး ကော်မရှင် တစ်ရပ် အမြန်ဆုံး ဖွဲ့စည်းပါ

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေဟာ ရိုဟင်ဂျာ အရပ်သားတွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက် ခဲ့တယ် ဆိုတဲ့ ပြောဆိုမှုတွေကို တုန်လှုပ် ခြောက်ခြားစဖွယ် ကြားသိခဲ့ရတယ် ဆိုပြီး မြန်မာ နိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက ဒီကနေ့ မတ်လ ၁၃ ရက်နေ့မှာ လူ့ အခွင့်အရေး ကောင်စီ ညီလာခံ ရှေ့မှောက် ထွက်ဆို သွားပါတယ်။

ရိုဟင်ဂျာ ရွာသားတွေကို သေနတ်နဲ့ ပစ်ခတ်တာမျိုး၊ လူတွေကို အိမ်ထဲ ကြိုးနဲ့ တုပ်နှောင်ပြီး အိမ်ကို မီးတင်ရှို့ ပစ်တာမျိုးတွေ ပြုလုပ် ခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေ ရရှိထားတယ်လို့ မစ္စလီက ဆိုပါတယ်။

အဲဒီ ပြောဆိုမှုတွေကို စုံစမ်း စစ်ဆေး နိုင်ဖို့ ကုလသမဂ္ဂ အနေနဲ့ စုံစမ်းရေး ကော်မရှင် တစ်ရပ် အမြန်ဆုံး ဖွဲ့စည်းပါ ဆိုပြီး တော့လည်း မစ္စယန်ဟီးလီက ဂျနီဗာမှာ ကျင်းပနေတဲ့ ၃၄ ကြိမ်မြောက် လူ့အခွင့်ရေး ကောင်စီ အစည်းအဝေးမှာ တောင်းဆို ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေး လာကြရတဲ့ ရိုဟင်ဂျာ တွေနဲ့ တွေ့ဆုံ ခဲ့တဲ့ မစ္စ လီဟာ အခုလို မြန်မာနိုင်ငံ လူ့ အခွင့်အရေး အခြေအနေ အကြောင်း အစီရင်ခံစာ တင်သွင်း ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ တုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာ နယ်ခြားစောင့် ရဲစခန်းတွေ တိုက်ခိုက် ခံခဲ့ရအပြီး အစိုးရ တပ်တွေက ပြုလုပ်ခဲ့တဲ့ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ချက်တွေ အတွင်း ရိုဟင်ဂျာ အရပ်သားတွေ အပေါ်မှာပါ လက်စားချေတဲ့ သဖွယ် ပြုမူ ဆက်ဆံတာ ခံခဲ့ ရတယ်လို့ မစ္စလီ နဲ့ တွေ့ဆုံ ခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောခဲ့ ကြပါတယ်။

မြန်မာ အစိုးရ ကိုယ်စား လှယ်ကတော့ ကုလသမဂ္ဂ ကော်မရှင် ဖွဲ့ဖို့ မစ္စလီရဲ့ အကြံပြုချက်ကို ဆန့်ကျင် ခဲ့သလို၊ ဖြစ်ပေါ် နေတဲ့ ပြဿနာတွေဟာ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တယ် ဆိုတဲ့ စကားလုံး ဝေါဟာရ ကိုလည်း လက်မခံပဲ ပယ်ချ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ