ဦးဝီရသူကို တရားစွဲမှာ မဟုတ်ဘူးလို့ ဧရာဝတီတိုင်း အစိုးရပြော

  • 13 မတ် 2017
Image caption တတိုင်းပြည်လုံး အနှံ့ တရားဟောခွင့် တနှစ် ပိတ်ပင် ထား

မန္တလေး မစိုးရိမ် တိုက်သစ်က အမျိုးသားရေး ဆရာတော် အဖြစ် အသိများကြတဲ့ ဦးဝီရသူ ကို ဧရာဝတီ တိုင်းဒေသကြီး အစိုးရ အဖွဲ့က တရားစွဲဖို့ ပြင် နေတယ် ဆိုတဲ့ သတင်းတွေ အပေါ် တိုင်းအစိုးရ အဖွဲ့ဝင် ဝန်ကြီး တစ်ယောက်က ငြင်းဆို ပါတယ်။

နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့က ဦးဝီရသူကို တရားဟောခွင့် တစ်နှစ် ပိတ်ပင်တဲ့ အမိန့် ထွက်လာပြီး ရက်ပိုင်းမှာပဲ၊ ဧရာဝတီ တိုင်း၊ အိမ်မဲမြို့နယ်ထဲက တရားပွဲ တစ်ခုမှာ ဦးဝီရသူဟာ သူ့ပါးစပ်ကို ပလပ်စတာကပ်ပြီး တရားဟော ပလ္လင်ပေါ် ထိုင် နေတာကို တွေ့ခဲ့ရပါတယ်။

အဲဒီပွဲဟာ ခွင့်ပြုချက် မရယူ ခဲ့တဲ့ အတွက် ပွဲစီစဉ်သူကို အထွေထွေ အုပ်ချုပ်ရေး ဌာနက အရေးယူ မလား ဆိုတာကို စဉ်းစား နေပေမယ့်၊ ဦးဝီရသူနဲ့ ပတ်သက်လို့ကတော့ သံဃ မဟာနာယက အဖွဲ့ကပဲ တာဝန်ယူ စီမံလိမ့်မယ်လို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် လျှပ်စစ် လမ်းပမ်း နဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး ဆိုပါတယ်။

ဦးဝီရသူ အပေါ် ဧရာဝတီတိုင်း အစိုးရအဖွဲ့က တမင် ပစ်မှတ် ထားနေတာ မဟုတ်ပဲ၊ သံဃ မဟာနာယကရဲ့ ထုတ်ပြန် ချက်တွေ အတိုင်း ဆောင်ရွက်တာ ဖြစ်ပြီး တရားပွဲ ပိတ်ခဲ့တဲ့ အလားတူ ဖြစ်ရပ် တချို့ ရှိခဲ့တယ် လို့လည်း ဦးဝင်းဌေးက ပြောပါတယ်။

မန္တလေးတိုင်း မစိုးရိမ်တိုက်သစ်ရဲ့ နာယက အဖွဲ့ဝင် ဆရာတော် တစ်ပါး ဖြစ်တဲ့ ဦးဝိစိတ္တာဘိဝံသ ခေါ် ဦးဝီရသူကို ဘာသာတခုနဲ့တခုကြား အမုန်းတရား ပွားများပြီး ဘာသာရေး အဓိကရုဏ်း ဖြစ်အောင် ဟောပြောမှု၊ နိုင်ငံရေး ဘက်လိုက် ဝေဖန်မှု စတဲ့ လုပ်ဆောင်ချက်တွေ ပြုမူ ပြောဆိုလို့ ဆိုပြီး နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က တတိုင်းပြည်လုံး အနှံ့ တရားဟောခွင့် တနှစ် ပိတ်ပင် ထားပါတယ်။